၄. ၆. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလျံ ရရှိရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲရင်း၊ ပဲလွန်း၊ ထောပတ်ပဲ စသည့် ပဲအမျိုးပေါင်း ၂၀ ခန့်ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလနှင့် မေလ နှစ်လအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄၂၂,၅၃၇ တန် တင်ပို့ထားနိုင်ခဲ့၍ လျာထားချက်၏ ၂၀ ရာခိုင်နှုန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် အဓိကတင်ပို့ခြင်းဖြစ်သည်။ တင်ပို့သည့် နိုင်ငံများအနက် အိန္ဒိယနိုင်ငံသို့ အများဆုံးဖြစ်ပြီး တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့လည်း အဓိကတင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်းတင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံရရှိခဲ့ကြောင်း သိရသည်။

