PDF များ ဖမ်းဆီးခံရသူနှစ်ဦး၏ မှတ်တမ်းပုံ

MT News

Written by Thettant

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား PDF များက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျပ်သိန်း ၁၀၀၀၀ နှင့် ပြန်လည်ရွေးယူခိုင်းကြောင်း ယနေညတွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံသို့ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် PDF များ မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး အဆိုပါစက်ရုံဝန်းအတွင်း စက်ရုံလုံခြုံရေးဆောင်ရွက်နေသည့် ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြပြီး စက်ရုံအတွင်းဝင်ရောက်ကာ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်ကာ Laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ထို့ပြင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးသူ PDF များ၏ ပြောဆိုစေခိုင်းချက်အရ မန်နေဂျာဦးမျိုးဇင်ဝင်းသည် စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအား ဆက်သွယ်၍ ငွေကျပ် သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည် ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိပြီး အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်၍ ၂၀၁၈ ခုနှစ်တွင် စတင် လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူများအား . အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *