
၁. ၆. ၂၀၂၅
Written by Nyein Kyaw
ပြိုလဲလုနီးပါးဖြစ်နေသည့် အနုပညာလောကကြီးကို လေးနှစ်အတွင်း ပုံမှန်အနေအထား ရောက်ရှိအောင် ဆွဲတင်နိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကား အဆင့်အတန်းများလည်း ယခင်ထက် ပိုကောင်းမွန်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မေလ ၃၁ ရက်တွင် ပြုလုပ်သည့် ”ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် စကားဝိုင်းဆွေးနွေခြင်း အခမ်းအနား” တွင် ပြောကြားသည်။
“ကျွန်တော်နဲ့ ကျွန်တော်တို့နယ်ပယ်မှာဆိုရင် ရုပ်ရှင်၊ စာပေ၊ ဂီတ ပြိုလဲလုနီးပါးဖြစ်နေတဲ့ ဒီအနုပညာလောကကြီးကိုလည်း ဒီလေးနှစ်မှာ ပုံမှန်အနေအထားရောက်အောင် ကျွန်တော်တို့ ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါကလည်း မီဒီယာပဲ။ ဒီနေ့ဆိုရင် ရုပ်ရှင်လောကကြီးမှာဆိုရင်လည်း တော်တော့်ကို အနုပညာအရည်သွေးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ရပြီးတော့မှ အခုဆိုရင် ဇာတ်ကားအဆင့်အတန်းတွေက ယခင်နှစ်တွေထက် ပိုပြီးတော့မှ ကောင်းမွန်လာပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
ယခင်က ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်သည် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများကိုသာ အဓိကဆောင်ရွက်နေရာမှ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံတော်မီဒီယာအသွင်ပြောင်းလဲပြီး နိုင်ငံတော်ပုံရိပ်တက်ရန် စီးပွားရေး၊ ကျန်းမာရေး၊ အနုပညာအပြင် ကဏ္ဍပေါင်းစုံတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲအထိ အဓိကနေရာက ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုဖိုရမ်မှ ရရှိသည့်ဆွေးနွေးချက်များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် သိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
