
၁.၆.၂၀၂၅
Written By Zun
ငလျင်ကြောင့် ရပ်နားထားရသည့် မန္တလေးက မိုးကုတ်ဌာပွဲ(ယာယီဈေး) ကို ယနေ့ ဇွန်လ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်းဈေးကို မန္တလေးမြို့၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ ရတနာပုံဈေး ပရိုမိုးရှင်းဧရိယာ (မြေညီထပ်)တွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး လပြည့်၊လကွယ် နေ့ရက်များမှအပ နံနက် (၉)နာရီမှ ညနေ(၅)နာရီအချိန်ထိ နေ့စဉ်ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးကို ကျောက်မျက်ရတနာဈေးကွက် အရှိန်မပျက် ဆက်လက် ရောင်းဝယ်ဖောက်ကားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းလည်း
“တရားဝင် ဈေးအနေနဲ့ ဈေးကွက် မပျက်ရအောင်လို့ ယာယီဈေးအနေနဲ့ ဖွင့်တာပါခင်ဗျာ။ ဖွင့်ပြီးတစ်ပတ်မှာတော့ အခမဲ့ရောင်းလို့ရအောင် နေရာပေးပါမယ်။ ပြီးရင်တော့ သင့်တော်တဲ့ ဈေးနဲ့ လစဉ် ပေးချေရမယ့် ပမာဏတစ်ခု သတ်မှတ်ပြီး ကောက်ခံပါမယ်။ နေရာငှားခအနေနဲ့ပေါ့။ ရောင်းချင်တဲ့သူတွေ ရှိပါတယ်။ လောလောဆယ် နေရာက ၇၀ ကျော်လောက်ပဲ ရှိသေးတယ်။ လုံခြုံရေးအတွက်လည်း CCTV တွေကအစ တပ်ဆင်ပေး ထားပါတယ်”ဟု အဆိုပါ ဈေးကို စီစဉ်လုပ်ဆောင်သူ ကိုရန်နောင်စိုးက MT News ကို ပြောသည်။
မန္တလေး ရတနာပုံဈေးသည် ငလျင်ကြောင့် ဆိုးဆိုးရွားရွား မဖြစ်သော်ငြား လက်ရှိတွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
