
၁.၆.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေ၊ နလုံမစ်လမ်းသွယ်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားကြိတ်ခံရကာ သေဆုံးမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယင်းမြန်မာအမျိုးသမီးမှာ အသက် ၂၇ အရွယ် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ၈ ဦးတင်ဆောင်လာသော ပစ်ကပ်ယာဉ်က ရထားသံလမ်းကို ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြတ်မောင်းချိန် ရထားခုတ်မောင်းလာသည့်အချိန်နှင့် တိုက်ဆိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Mahachai မီးရထားဘူတာမှ Samut Sakhon ခရိုင်သို့ ဦးတည်မောင်းနှင်လာခြင်း ဖြစ်ကြောင်း၊ရထားလာနေသည်ကို အချက်ပေးဝီစီများ မှုတ်၍ အသိပေးနေသည့် ကြားက ပစ်ကပ်မောင်းသူက သံလမ်းကို ဖြတ်မောင်းသည့်အတွက် အထက်ပါအတိုင်း ရထားတိုက်ကြိတ်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်ပေါ်ပါ အလုပ်သမားများက ရထားဖြင့် ယာဉ်တိုက်မှုဖြစ်ပွားမည်ကိုစိုးရိမ်၍ ပစ်ကပ်ယာဉ်ပေါ်က ကြောက်လန့်၍ အသက်စွန့်ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြပြီး အများစုမှာ ကားပေါ်မှ အမြန်ခုန်ဆင်းခဲ့ကြကြောင်း၊ ပစ်ကပ်ယာဉ်ကလည်း ရထားလာနေသည့်အတွက် ယာဉ်ကို အရှိန်မြှင့် မောင်းနှင်ကြောင်း သိရသည်။ ယင်းသို့ အရှိန်ပြင်းပြင်းမောင်းနှင်သောကြောင့် ပစ်ကပ်ယာဉ်ပေါ်ပါ မြန်မာအမျိုးသမီးမှာ ယာဉ်ပေါ်က ပြုတ်ကျ၍ ရထားကြိတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဖြစ်အပျက်ကို မျက်မြင်တွေ့သူများက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့ကြကြောင်း၊ယင်းနောက် ဒေသခံ မျက်မြင်များက ရထားကြိတ်ခံရ၍ သေဆုံးသူနှင့် ပစ်ကပ်ယာဉ်ပေါ်က ခုန်ဆင်း၍ ထိခိုက်ဒဏ်ရာရသူများအတွက် နိုင်ငံသားကောင်းများနှင့် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများထံ ဖုန်းဆက်ပေးသည့်အတွက် အဆိုပါ ဖောင်ဒေးရှင်းက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အဆိုပါ မီးရထားလမ်းတွင် ရထားမတော်တဆမှု (၃)ကြိမ် ဖြစ်ပွားခဲ့သေးကြောင်း၊ ထို့ကြောင့် ရထားလမ်းကို သတိထားဖြတ်သန်းကြစေလိုကြောင်း ဒေသခံများ ပြောဆို ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
