◾️ လက်ရှိအချိန်တွင် ငလျင်ပြန်လည်ထူထောင်ရေးအတွက် ထိရောက်စေမည့် အကြောင်းအရာများကို ပိုမိုထုတ်လွှင့်ပြသင့်ကြောင်း ပါဝင်ဆွေးနွေးသူ CMG သတင်းထောက် ပြော

၁. ၆. ၂၀၂၅
Written by Nyein Kyaw
“အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” တရုတ် -မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ အခမ်းအနားအား ယနေ့တွင် နေပြည်တော်ရှိ Park Roya Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
“အခုဆွေးနွေးပွဲမှာ နှစ်နိုင်ငံမီဒီယာအကြား အတူတကွပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ Team ဖြစ်တဲ့ ဒီနေ့ကျင်းပတဲ့ အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့ ဒီကနေပြီးတော့ မီဒီယာပိုင်းဆိုင်ရာ အသိပညာတွေ၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေကို ဖလှယ်နိုင်လိမ့်မယ်လို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် မီဒီယာအခန်းကဏ္ဍကို အမြဲအလေးထားကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးပါသဘောတူညီမှုများကို လက်တွဲအကောင်အထည်ဖော်ဆောင်ရန်၊ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် ခံယူပြီး တရုတ်-မြန်မာ- အစဉ်အလာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်ရန်၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ပိုမိုနက်ရှိုင်းစွာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ သံမှူးကြီး Ms. Cao Jing က ပြောသည်။
“သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူ လူထုဘဝ တိုးတက်ကောင်းမွန် စေရေးအတွက် “တွန်းအားပေးသူ” အဖြစ် ဆွေးနွေးမှုအကြောင်းအရာများ ဆောင်ရွက်ပြီး သတင်းအချက်အလက် မျှဝေခြင်း၊ လမ်းညွှန်ပေးခြင်း၊ လူထု၊ အဖွဲ့အစည်း စတဲ့ ကဏ္ဍအားလုံးက အစိုးရမူဝါဒများအပေါ် မိမိ၏သဘောထားများကို မီဒီယာမှတစ်ဆင့် ဖော်ပြခြင်းနှင့် ကြီးကြပ်ခြင်းနဲ့ လူမှုရေးရာဆော်ဩမှု အခန်းကဏ္ဍကို အပြည့်အဝဖော်ထုတ်ကြရန် မျှော်လင့်ပါတယ်” ဟု Ms. Cao Jing က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် “အရေးပေါ်အခြေအနေများအတွင်း တရုတ်-မြန်မာ မီဒီယာ ပူပေါင်းဆောင်ရွက်မှုများသည် တူညီသောအနာဂတ်များရှိသည့် တရုတ်-မြန်မာ အသိုက်အဝန်း၏ အနှစ်သာအဓိပ္ပါယ်ကို ဖော်ကျူးခြင်း”၊ ငလျင်အလွန် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု သတင်းများ ရယူရေးအတွက် မီဒီယာပူးပေါင်းဆောင်ရွက်မှုအနာဂတ်အလားအလာ”နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် သဘောထား၍ တရုတ် အသွင်ပုံစံ ခေတ်မီမှုဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု (သံတမန်ဆက်ဆံရေး၊ မီဒီယာကဏ္ဍ) အတွက် အခွင့်အလမ်းအသစ်များ ယူဆောင်လာပေးခြင်း” စသည့်ခေါင်းစဉ် သုံးခုဖြင့် ဆွေးနွေးခဲ့ကြသည်။
မန္တလေးငလျင်ကြီးစတင်လှုပ်ခတ်ချိန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ခဲ့၍ ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီရောက်ရှိကူညီနိုင်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာငလျင်ဘေးကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး တရုတ်မီဒီယာဖြစ်သည့် CMG မှ ဖော်ပြခဲ့သည့် ငလျင်သတင်းများတွင် ကြည့်ရှုမှုနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း ငလျင်ပြန်လည်ထူထောင်ရေးအတွက် ထိရောက်စေမည့် အကြောင်းအရာများကို ပိုမိုထုတ်လွှင့်ပြသင့်ကြောင်း မန္တလေးငလျင်ကြီးနှင့်ပတ်သက်ပြီး မြေပြင်သတင်းရယူခဲ့ရသည့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ရာတွင် China Media Group မှ သတင်းထောက်က ပြောသည်။
