




၃၀. ၅. ၂၀၂၅
Written by Tha Doe
ထွန်းထွန်းမင်းရဲ့ ညီဖြစ်တဲ့ ထွန်းမင်းအောင်ဟာ ဒီနေ့ညထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပွဲမှာ သူ့ထက်တစ်နှစ်ငယ်တဲ့ ၁၇ နှစ်သား ချတ်ပတ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့အနိုင်ရပြီး ဆုကြေးငွေ ဘတ် ၃၅၀၀၀၀ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီနေ့ည One Friday Fight 110 မှာ စူပါရေချမ်းဟာ မူဂါဆီတိုကို အမှတ်နဲ့ ရှုံးအပြီးမှာ ဆက်တိုက်ရှုံးနေတဲ့ မြန်မာဖိုက်တာတွေအဖို့ ထွန်းမင်းအောင်ကို အနိုင်ရဖို့ မဝံ့မရဲမျှော်လင့်ကြရတာပါ။ ဘာကြောင့် မဝံ့မရဲလဲဆိုရင် ထိုင်းပြိုင်ဘက် ချတ်ပတ်ဟာ One ကို အခုမှ ပွဲဦးထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ်ဆိုပေမဲ့ မွေထိုင်းပွဲ ၅၀ ကျော် နွှဲထားသလို LWC ချန်ပီယံဖြစ်နေလို့ပါ။ ခြေကန်ချက်တွေကောင်းသလို ထိုင်းနိုင်ငံသားဖြစ်နေတဲ့ အားသာချက်လည်းရှိလို့ One မှာ သုံးပွဲထိုး နှစ်ပွဲရှုံးထားပြီး နောက်ဆုံးပွဲမှာ ဇာဟီဒီက အလဲထိုးတာခံထားရတဲ့ ထွန်းမင်းအောင်အဖို့ မလွယ်တဲ့ ပြိုင်ဘက်ဖြစ်နေသလို ပထမအချီမှာဆို သူ့ထက် ၃ လက်မနိမ့်တဲ့ ချတ်ပတ်ကို ထွန်းမင်းအောင် ပေါ့သေးသေးတွက်ပုံရလို့ ချတ်ပတ် ခြေကန်ချက်မှာ နှစ်ခါကြမ်းပေါ်ကျပြီး တစ်ကြိမ် အရှိန်လွန်လို့ လူပါ ကြိုးဝိုင်းအပြင် တစ်ပိုင်းထွက်သွားပါတယ်။ ဒါပေမဲ့ နိုင်ဖို့အတွက် ထွန်းမင်းအောင် ကြိုးစားမှုက အရင်ပွဲတွေထက် လက်သီးတံတောင်တွေ ထွက်လာ သွက်လာတာ မြင်ရလို့ ပထမအချီက အနည်းငယ်နိမ့်တယ်ဆိုရုံပဲ ပြောရပါမယ်။
ဒုတိယအချီစစချင်း ထွန်းမင်းအောင် အတင်းဝင်ပူးထိုးပြီး တိုက်စစ်ဖွင့်ပါတယ်။ ခြေကန်ချက် တအားကောင်းတဲ့ ချတ်ပတ်ကို ခြေကန်ချက်မထွက်လာအောင် တားတာ၊ ပူးတာ၊ ထိုးတာ အလုပ်ဖြစ်ခဲ့ပေမဲ့ ချတ်ပတ်က တံတောင်ရိုက်ချက်ကြောင့် မျက်ခုံးကွဲအပြီးမှာ ဆရာဝန်က ဆက်ထိုးသင့် မသင့် အကဲဖြတ်ခဲ့တာပါ။ ဆက်ထိုးခွင့်ပြုချိန်မှာ ထွန်းမင်းအောင်က ချတ်ပတ်ကို အတင်းဝင်ပူးထိုးရာမှာ ချတ်ပတ်အထိနာလာချိန် နိုင်ချင်ကြက်ထွန်းမင်းအောင်က အတင်းဝင်ပူးထိုးပြီး ဘယ်ညာလက်သီးတွဲလုံးတွေ တရစပ်ထိုးရင်း အဖြောင့်လက်သီးတွေ ဝိုက်လက်သီးတွေ အလုံး ၂၀ ထက်မနည်းထိုးအပြီးမှာ ချတ်ပတ် အမှတ်စဥ်နှစ်ကြိမ်အရေခံလိုက်ရသလို ဒုတိယအကြိမ် အမှတ်စဥ်ရေအပြီး ဘီလူးစီးသလိုထိုးလာတဲ့ ထွန်းမင်းအောင် လက်သီးချက်တွေ မခံနိုင်တဲ့အဆုံး ဒုတိယအချီ ပြီးလုနီးမှာ ထွန်းမင်းအောင်က အလဲထိုးအနိုင်ရသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ထွန်းမင်းအောင်ရဲ့ တိုးတက်မှုကို ချီးကျူးရမှာဖြစ်သလို ထွန်းထွန်းမင်းတို့ နည်းပြအဖွဲ့ကလည်း ပထမအချီအပြီး ခြေကန်ချက်မထွက်အောင် အတင်းဝင်အတင်းပူးထိုးဖို့ အကြံပေးနိုင်တယ်လို့ ယူဆရလို့ ပွဲတစ်ပွဲအပေါ် သုံးသပ်နိုင်မှုတက်လာသလို မြန်မာနှစ်ပွဲမှာ စူပါရေချမ်းအမှတ်နဲ့ရှုံးပေမဲ့ ထွန်းမင်းအောင်က အလဲထိုးအနိုင်ရပြီး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားလို့ ကျေနပ်ဖို့တော့ ကောင်းခဲ့တယ်ဆိုရမှာပါ။
