
MT News
၃၀. ၅. ၂၀၂၅
လယ်ဝေးမြို့နယ်တွင် ကျပ် ၆ ဒသမ ၃၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ နီးပါးနှင့် ဘိန်းဖြူ ၁၃၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးတံတားအနီး သတင်းအရစောင့်ဆိုင်းနေစဉ် မေလ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် အောင်နန်းချို ကျေးရွာဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ဇင်မျိုးထက်အောင်(ခ)ကုလားလေး မောင်းနှင်ပြီး မင်းခန့်ကျော် နှင့် မြတ်စိုးဦး(ခ)စူပါတို့ လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့် သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင်(ခ)ကျော်ကြီး၊ နေဦးရှိန်တို့လိုက်ပါလာသည့် CHEVROLET အမျိုးအစားမော်တော်ယာဉ် ၂ စီးတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆ ဒသမ ၃၅ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉၉၄ သိန်းနှင့် ပလပ်စတစ်ဆပ်ပြာခွက် ၁၃,၄၂၀ ခွက်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၃၄ ဒသမ ၂ ကီလိုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများမှတစ်ဆင့် ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီး၌ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်အား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန် ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းရှိဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူများမှာ ဖယ်ခုံမြို့နေ ပေါလု(ခ)ပေါလူချမ်းနှင့် စိုးလွင် တို့ဖြစ်ပြီး မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူမှာ ရမည်းသင်းမြို့နယ်နေ သိန်းစံထွန်း(ခ) ကုလားလေး ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိကာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုး အမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
