၃၁.၅.၂၀၂၅
Written by Nyein Kyaw
ငလျင်အလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစား ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များအပေါ် စကားဝိုင်းဆွေးနွေခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။
ယမန်နေ့က ပြုလုပ်သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စီးပွားရေး ပြန်လည်ထူထောင်ခြင်းအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စီးပွားရေးကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ကဏ္ဍသုံးရပ်ခွဲ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့တွင် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးချက်များအပေါ် အနှစ်ချုပ်သုံးသပ်ဆွေးနွေးခြင်းနှင့် ရရှိလာသည့် ရလဒ်များအပေါ် ထပ်မံဝိုင်းဝန်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
”ဝန်ကြီးဌာနအပေါ် သက်ရောက်မှုတွေရှိပါတယ်။ သက်ရောက်မှုတွေဆိုတာကတော့ ကောင်းတဲ့သက်ရောက်မှုတွေပါ။ အဲဒါဘာလဲဆိုတော့ သွင်းကုန်လိုင်စင်တွေ အချိန်မီပေးဖို့ ရောက်ရှိတလာတဲ့ သွင်းကုန်တွေ ဈေးကွက်ထဲမှာရှိဖို့ ဈေးကွက်ထဲရောက်ပြီဆို အချိန်မီဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ရေး၊ အရည်သွေးပြည့်မီတဲ့ ဈေးနှုန်းသက်သာတဲ့ပစ္စည်းတွေ လွယ်လွယ်ကူကူ ရရှိရေးဆွေးနွေးတာတွေရှိတယ်။ အင်မတန်ကောင်းပါတယ်။ ဒါလည်းဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြံပြုချက်တွေဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်အုံက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှ ရလဒ်များအပေါ် ထပ်မံသုံးသပ်ခြင်းအခမ်းအနားအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြညထောင်စုဝန်ကြီး၊ဆွေးနွေးပွဲသဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ UMFCCI ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


