၃၁. ၅. ၂၀၂၅
Translated by Thettant
ကမ္ဘောဒီးယားနိုင်ငံသားများအကြား အမျိုးသားရေးစိတ်ဓာတ်ဆိုင်ရာ လှုံ့ဆော်မှုများ ပေါ်ပေါက်လာပြီး ထိုင်းထုတ်ကုန်များကို မဝယ်ရန် တိုက်တွန်းမှုများကြောင့် နှစ်ဖက်နိုင်ငံသားများကြား ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့် စိုးရိမ်မှုများကြောင့် ထိုင်းအစိုးရသည် ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ရှိ ကူးလူးကုန်သွယ်ရာ အမြဲတမ်းဂိတ် ၆ ခုနှင့် ယာယီစစ်ဆေးရေးဂိတ် ၁၀ ခုကို ပိတ်ပစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
လုံခြုံရေးအေဂျင်စီများမှ သတင်းများအရ မေလ ၂၈ ရက်နေ့က ဥဘွန်ရာချာဌာနီပြည်နယ် ချောင်ဘောက်ခ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများအကြား နယ်စပ်အငြင်းပွားရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားစစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကမ္ဘောဒီးယားလူမှုမီဒီယာများတွင် ထိုင်းထုတ်ကုန်များအားလုံးကို သပိတ်မှောက်ရန် ပြင်းထန်သော လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။
ထိုင်းလုံခြုံရေးအေဂျင်စီများသည် အိမ်နီးချင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုနေသော နယ်စပ်ဒေသခံများ၏ ဘေးကင်းလုံခြုံရေးကို အသိအမှတ်ပြုကာ ဤအခြေအနေမှ ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို စိုးရိမ်လျက်ရှိသည်။
ထို့အတွက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များဖြစ်သည့် အမြဲတမ်းနယ်စပ်ဂိတ် ၆ ခုနှင့် ယာယီနယ်စပ်ဂိတ် ၁၀ ခုကို ပိတ်ကြောင်း ကြေညာရန် အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူခဲ့သည်။ ၎င်းတို့မှာ စစ်သက်ပြည်နယ်၊ ဖူဆင်းခရိုင်၊ ချောင်ဆာငန်ဂိတ်၊ ဆူရင်ပြည်နယ်၊ ကပ်ချောင်ခရိုင်၊ ချောင်ချွမ်ဂိတ်၊ ဆာကေအိုပြည်နယ်၊ အာရန်ယာပရာသက်ခရိုင်၊ ဘန့်ခလောင်လူးဂိတ်၊ ရချာဘူရီပြည်နယ်၊ ပေါင်နမ်ရွန်ခရိုင်၊ ဘန့်လမ်းဂိတ်၊ ရချာဘူရီပြည်နယ်၊ ပေါင်နမ်ရွန်ခရိုင်၊ ဘန့်ဖတ်ကပ်ဂိတ်၊ တရတ်ပြည်နယ်၊ ခလောင်ယိုင်ခရိုင်၊ ဘန့်ဟတ်လစ်ဂိတ် ခြောက်ခုတို့ဖြစ်သည်။
အဆိုပါ ဂိတ်ခြောက်ဂိတ်နည်းတူ အကျိုးသက်ရောက်နိုင်ဖွယ်ရှိသည့် ယာယီစစ်ဆေးရေးဂိတ် ၁၀ ခုမှာ ချောင်အာမာ၊ ဘန့်တာဖရာယာ၊ ဘန့်နောင်ပလူး၊ ဘန့်ခေါင်ဒင်၊ ဘန့်ဆပ်တာရီ၊ ဘန့်ဘွန်ချာနန်လန်၊ ဘန့်ဆူအွန်ဆုမ်၊ ဘန့်မွန်ဒန်၊ ဘန့်ချာမွန်၊ ချောင်ဆဲတာကူ ဂိတ်တို့အပြင် စစ်သက်ပြည်နယ်၊ ကန်တာရာလပ်ခရိုင်၊ ချောင်ခေါင်ဖရာဝိဟန်ရှိ ခေတ္တခဏ ခရီးသွားလာရေးစစ်ဆေးရေးဂိတ်နှင့် ဆူရင်ပြည်နယ်၊ ဖနွမ်ဒေါင်ရတ်ခရိုင်၊ မူးအန်ထွမ်ရှိ ယာယီစစ်ဆေးရေးဂိတ်တို့လည်း ပါဝင်သည်ဟု သိရသည်။
Ref, Khaosod
