
◾️ လက်ရှိတွင် စက်ရုံ၊အလုပ်ရုံများ မဖြစ်မနေလည်ပတ်ရန်လိုအပ်ပြီး ငလျင်ဒဏ်သင့် မန္တလေးမြို့အတွက် ပိုမိုအာရုံစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်းပါ ပြောကြား
◾️ ဘဏ်များအနေဖြင့်လည်း ဘဏ်အတွင်း ငွေအိပ်နေခြင်းထက် ထိုက်သင့်သည့်အတိုးဖြင့် ငွေလှည့်လည်သုံးစွဲပေးရန်ပါ ပြော

၃၀. ၅. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံခန့် ကုန်သွယ်မှုပိုငွေပြခဲ့သော်လည်း Non-Trade တွင် လိုငွေပြမှုများခဲ့၍ နိုင်ငံခြားငွေရှားပါးနေပြီး နိုင်ငံခြားဝင်ငွေ ပြန်မရှာနိုင်ပါက တိုင်းပြည်လုံးပါး ပါးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
SAC အစိုးရတာဝန်ယူခဲ့သည့် လေးနှစ်တာအတွင်း ကုန်သွယ်မှုကဏ္ဍတွင် ပထမနှစ်တွင် ပိုငွေပြခဲ့ပြီး၊ ဒုတိယနှင့်တတိယနှစ်များတွင် လိုငွေပြခဲ့ကြောင်း၊ စတုတ္ထနှစ်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံခန့် ပိုငွေပြခဲ့၍ လေးနှစ်တာအတွက် စုစုပေါင်းတွင်လည်း ပိုငွေပြခဲ့ကြောင်း သိရသည်။ သို့သော်လည်း Non-Trade တွင် လိုငွေအများအပြား ပြခဲ့သည့်အတွက် နိုင်ငံခြား ငွေရှားပါးမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းကို တွေ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ကျွန်တော်တို့က အသုံးရှိတယ်ဆိုလို့ရှိရင် ကျွန်တော် ဝင်ငွေရအောင် ပြန်ရှာဖို့လိုအပ်ပါတယ်။ ဝင်ငွေရအောင် ပြန်မရှာနိုင်ရင်တော့ တိုင်းပြည်က တဖြည်းဖြည်းနဲ့ ပါးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ကုန်ထုတ်လုပ်မှုက မဖြစ်မနေလိုအပ်ပါတယ်။ စက်ရုံတွေ အလုပ်ရုံတွေ မရပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီမှာ စက်ရုံအလုပ်ရုံနဲ့ပတ်သက်ပြီးလုပ်တဲ့သူများကလည်း များများလည်ပတ်နိုင်ဖို့အတွက် ကြိုးစားစေလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် ငလျင်ပြန်လည်ထူထောင်ရေးကာလအပြင် နိုင်ငံခြားငွေ လိုအပ်ချက် ကြီးမားနေသည့်အတွက် ပြည်သူများ ဝင်ငွေရရှိမှုအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားစေရန်လိုသဖြင့် စက်ရုံ၊ အလုပ်ရုံများကို မဖြစ်မနေလည်ပတ်မှုရှိရန်လိုအပ်ကြောင်း၊ ငလျင်ဒဏ်ထိခိုက်ခဲ့သည့် ဒုတိယအကြီးဆုံး စီးပွားရေးမြို့တော် မန္တလေးမြို့ရှိ လုပ်ငန်းများအတွက် ပိုမိုအာရုံစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“မဖြစ်မနေလုပ်ရမှာကတော့ လုပ်ငန်းတွေ လည်ပတ်မှုလိုအပ်ပါတယ်။ စောစောကပြောတဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးလုပ်ငန်းနယ်ပယ်ဖြစ်တဲ့ မန္တလေးအတွက်ဆိုရင် ကျွန်တော်က ပိုပြီးအာရုံစိုက်ပြီးတော့ လုပ်ဖို့လိုတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ငွေလည်ပတ်မှုများလည်း ရှိရန်လိုအပ်သဖြင့် ဘဏ်များတွင် ငွေအိပ်နေခြင်းထက် လှည့်လည်သုံးစွဲမှုရှိနေရန်လိုအပ်သည်။ ထို့ကြောင့် ဘဏ်များအနေဖြင့် ငွေလှည့်လည်သုံးစွဲရာတွင်လည်း ထိုက်သင့်သည့်အတိုးနှုန်းဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“လှည့်ပတ်သုံးစွဲရာမှာ ထိုက်သင့်တဲ့အတိုးပေါ့။ အဲ့မှာလာအပ်တဲ့သူတွေကိုလည်း ထိုက်သင့်တဲ့အတိုးပေးသလို ချေးတဲ့သူတွေကိုလည်း ထိုက်သင့်တဲ့ အတိုးနဲ့ ယူဖို့လိုပါတယ်။ တချို့တွေမှာလည်း ဒါတွေမှာလည်း ဗဟိုဘဏ်နဲ့ ပြန်လည်ညှိနှိုင်းဆောင်ရွက်နေရတာလည်း ရှိပါတယ်။ သိပ်တော့ ကျွန်တော် ဘဝင်တော့မကျမပါဘူး။ သိပ်တော့ဘဝင်မကျပါဘူး။ တကယ်အဓိကတော့ ငွေများများလည်နေဖို့လိုအပ်ပါတယ်။ ငွေများများလည်ပြီးတော့မှ ထုတ်နိုင်ဖို့လိုအပ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
