◾ မောင်မောင်လွင့်သွင်းဂိုးနဲ့ ASEAN-All Stars အသင်းက မန်ယူအသင်းကို အနိုင်ရပြီး ဖိတ်ခေါ်ဖလား ဆွတ်ခူး

၂၈ . ၅. ၂၀၂၅
Written by Tha Doe
မန်ယူနှင့် ယနေ့ညတွင် ခြေစမ်းခဲ့သည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် ရွေးချယ်ခံထားရသည့် မြန်မာ့လက်ရွေးစင်ကစားသမားမောင်မောင်လွင်သည် မန်ယူအသင်းကို ဂိုးသွင်းခဲ့ဖူးသော တစ်ဦးတည်းသော မြန်မာကစားသမားဖြစ်လာခဲ့ပြီဖြစ်သည်။

မန်ယူအသင်းနှင့် ASEAN-All Stars အသင်းတို့သည် “Maybank Challenge Cup 2025” ခေါင်းစဥ်အောက် ယှဥ်ပြိုင်ခဲ့ကြပြီး အနိုင်ရသည့် အသင်းသည် ဖိတ်ခေါ်ဖလားရရှိမည်ဖြစ်ကာ အဆိုပါအာရှခရီးစဥ်အတွက် မန်ယူအသင်းသည် ကစားသမား ၃၂ ဦးခေါ်ဆောင်လာခဲ့သလို အသင်းပွဲထွက်တွင်လည်း အိုနားနား၊ ဟဲက်ဗန်၊ မက်ဂွိုင်းယား၊ စတတ်ဖို့ မန်ရို၊ ဒေါ်ဂူ၊ ကာစီမီရို၊ အူဂါတီ၊ ဒါးလော့၊ မိုင်နူး၊ မူးဟောက်စ်၊ ဟွိုင်လန်းတို့ဖြင့် ပွဲထွက်လာခဲ့ကာ ခေါ်ယူလာသည့် အသင်းသားအားလုံးကို လူစားလဲခဲ့သလို အာဆီယံအောစတားအသင်းကလည်း ခေါ်ယူလာသူအားလုံးကို ထည့်သွင်းကစားခဲ့ရာ မောင်မောင်လွင်သည် ပွဲချိန် ၅၄ မိနစ်တွင် လူစားဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် ၇၁ မိနစ်တွင် မန်ယူနောက်တန်းမှ လူငယ်ကစားသမား ကူကွန်နီကို ကျော်ဖြတ်ကာ တွမ်ဟီတန်နှင့် တစ်ယောက်ချင်းအတွေ့တွင် အနိမ့်ကန်ချက်ဖြင့် ဂိုးသမားဘယ်ဘက်အောက်ကို ကန်သွင်းကာ တစ်လုံးတည်းသော အနိုင်ဂိုးကို လှပစွာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်သည် မန်ချက်စတာယူနိုင်တက်နှင့် ယှဥ်ပြိုင်ကစားခွင့်ရနိုင်မည့်အခွင့်အရေးအဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) က ဧပြီလအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအထိ မှတ်တမ်းများအရ ဟံသာဝတီယူနိုက်တတ်၊ ရန်ကုန်ယူနိုက်တက်နှင့် လန်ဖွန်းဝါရီယာတို့အတွက် သွင်းဂိုး ၅၂ ဂိုးသွင်းယူပေးထားသလို မြန်မာ့လက်ရွေးစင်အသင်းအတွက် ၁၉ ဂိုးသွင်းယူပေးထားသော ၂၉ နှစ်သား မောင်မောင်လွင် မန်ယူအသင်းနှင့် ပါဝင်ကစားရန် ရွေးချယ်ခံလိုက်ရခြင်းနှင့် မန်ယူအသင်းကို ဂိုးသွင်းလိုက်ခြင်းမှာ အာဆီယံတွင်ရော မြန်မာတွင်ပါ မှတ်ကျောက်တင်ခံရမည့် ဂုဏ်ယူစရာဖြစ်ခဲ့သည်။

တစ်ဖက်တွင်မူ ယခုရာသီ ဖလားလက်မဲ့ဖြင့် အရှက်ရစဖွယ် အရေးနိမ့်ခဲ့သော မန်ယူအတွက် ဖိတ်ခေါ်ဖလား ကိုင်မြောက်ခွင့်ရမည့် ASEAN-All Stars အသင်းနှင့် ယှဥ်ပြိုင်ချိန်တွင်ပင် မောင်မောင်လွင့် သွင်းဂိုးကြောင့် “Maybank Challenge Cup 2025” ပင် ရယူကိုင်မြောက်သွားနိုင်ခြင်းမရှိသောကြောင့် မန်ယူပရိသတ်တို့အဖို့ မြေနိမ့်ရာ လှံစိုက်သကဲ့သို့…..။
