
၂၈.၅.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) ရဲ့အဖွဲ့ခွဲသုံးရပ်ဖြစ်တဲ့ Jubo Dal, Swechhasebak Dal နဲ့ Chhatra Dal တို့က နိုင်ငံအတွင်း လူငယ်တွေရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို တောင်းဆိုဖို့ဆန္ဒပြပွဲတစ်ရပ်ကို မြို့တော်ဒက်ကာမှာ မေလ ၂၈ ရက်က ဦးဆောင်ပြုလုပ်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူဆန္ဒပြသမားတွေက မြို့တော်အတွင်း နာရာပါလ်တန် ရပ်ကွက်နဲ့အနီးအနားနယ်မြေတွေကို ဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ဆန္ဒပြသမားတွေက လမ်းတွေမှာ ပြည့်ကျပ်နေတဲ့ သူတို့ပါတီဝင်တွေနဲ့ထပ်မံအင်အားဖြည့်ကာ နာရာပါလ်တန်ကနေ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်တွေကိုပါ ဆန္ဒပြမှုလူစုလူဝေးကို တိုးချဲ့ လာခဲ့ပါတယ်။
လူထုဆန္ဒပြပွဲကြီးအနေနဲ့ မွန်းလွဲ ၂ နာရီမှာစတင်ဖို့ စီစဉ်ထားခဲ့တာဖြစ်တဲ့အတိုင်း ဒက်ကာ၊ ဆီလ် ဟက်၊ ဖါရစ်ပူရ် နဲ့ မိုင်မန်ဆင်းခရိုင်တွေက ဆန္ဒပြလူတန်းတွေကလည်း မနက်ခင်းကတည်းက ရောက်နေခဲ့ကြတာပါ။
BNP ပါတီရဲ့ ယာယီဥက္ကဋ္ဌဖြစ်တဲ့ တာရစ် ရာမန် က ဆန္ဒပြလူစုလူဝေးကြီးကို ဧည့်သည်တော်ချုပ်အနေနဲ့ လန်ဒန်မြို့ကနေ အွန်လိုင်းကမိန့်ခွန်းပြောမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လူထုဆန္ဒပြပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ BNP ပါတီဌာနချုပ်နဲ့ အနီးအနားနယ်မြေတွေကို လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက ရောင်စုံခြယ်မှုန်းပြီး မွမ်းမံထားခဲ့တာပါ။
ဇီယာရာမန်၊ ခါလီဒါ ဇီယာနဲ့ တာရစ်ရာမန်တို့ရဲ့ပုံတွေနဲ့ တန်ဆာဆင်ထားတဲ့ ကြီးမားလှတဲ့စာတန်း ကြီးတွေ၊ ပန်းကုံးတွေကလည်း ဒေသအတွင်းပြည့်နှက်နေပြီး ပျော်ရွှင်မြူးတူးနေကြတဲ့ ပါတီရဲ့တက်ကြွ လှုပ်ရှားသူတွေကို တွေ့ကြရမှာပါ။
BNP ပါတီရဲ့ အဖွဲ့ခွဲသုံးရပ်က မေလတစ်လလုံးမှာ လူငယ်တွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ အစီအစဉ်တွေကို ဆက်တိုက်ကြေညာခဲ့တာပါ။ပြီးခဲ့တဲ့ရှစ်ရက်အတွင်းမှာလည်း အဓိကမြို့ကြီးတွေမှာ ဆွေးနွေးပွဲတွေ၊ လူစုလူဝေးအင်အားပြပွဲတွေကို နှစ်ရက်စီကျင်းပခဲ့တာပါ။ စစ်တကောင်း၊ ခူလ်နာနဲ့ ဘိုဂရာ တို့မှာ ဒီလိုအစီအစဉ်တွေကို ကျင်းပခဲ့ပြီး မေလ ၂၈ ရက်မှာတော့ ဒက်ကာမြို့မှာ ကျင်းပကြတာဖြစ်ပါတယ်။
Ref- Dhaka Tribune
