
၂၈.၅.၂၀၂၅
Written by Hey Mar
မိုးရွာနေချိန် ပျောက်သွားတဲ့ သုံးနှစ်အရွယ်သမီးငယ် ကို အိမ်နဲ့ အတော်ဝေးတဲ့ စက်မှုဇုန်အတွင်း ရေမြောင်းထဲ ရေနစ်သေဆုံးလျက်သားပြန်လည်တွေ့ရှိခဲ့ပြီး နားကပ်ဝတ်ထားတဲ့ နားနှစ်ဖက်မှာ သွေးထွက်ဒဏ်ရာတွေရရှိထားကာ နားကပ်လည်း ပျောက်ဆုံးနေတယ်လို့ လှိုင်သာယာအခြေစိုက် ယာဉ်မောင်းမိသားစု လူငယ်ပရဟိတအသင်း (FDR )ထံကနေ သိရပါတယ်။
သေဆုံးတဲ့ သမီးငယ်က မနေ့က မေလ ၂၇ရက်နေ့ ညနေ လေးနာရီ ဝန်းကျင်၊ မိုးရွာသွန်းနေချိန်မှာ ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။ သူတို့မိသားစု နေထိုင်တာက ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ၊ ရခိုင်ရိုးလေးကျေးရွာ အောင်သပြေ (၄) လမ်းမှာ နေထိုင်တာဖြစ်ပြီး ကလေးရဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိတာက ဒီနေ့ မေလ ၂၈ ရက်နေ့ မနက် ဆယ်နာရီဝန်းကျင် မိုးရွာသွန်းနေချိန်မှာ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားအဆင်းက ငွေပင်လယ်စက်မှုဇုန်အတွင်းရှိ လမ်းဘေးရေမြောင်းစပ်မှာလို့လည်း သိရပါတယ်။
FDR အသင်းတာဝန်ရှိသူက “ကျွန်တော်တို့ မနေ့က ကလေးပျောက်တယ်ဆိုပြီး အကြောင်းကြားလာတော့ အဲ့ဒီအချိန်ကတည်းက ရှာနေကြတာပါ။ ဒါပေမယ့် ဒီမနက်ပိုင်းက ငွေပင်လယ်စက်မှုဇုန်ထဲမှာ ကလေး အလောင်းတစ်လောင်းတွေ့တယ်ဆိုပြီး စက်ထဲ သတင်းဝင်လာတယ်။ သွားကြည့်တော့ ပျောက်နေတဲ့ သမီးဖြစ်နေတယ်။ မိဘတွေလည်း အတည်ပြုထားတယ်” လို့ MT News ကို ပြောပါတယ်။
သေဆုံးသွားတဲ့ သမီးငယ်က မိသားစုမှာအငယ်ဆုံးသမီးဖြစ်ပြီး မိသားစုကလည်း ပြေလည်ကြတဲ့အတွက် ရွှေနားကွင်းတစ်စုံ ဆင်ပေးထားတယ်လို့ သိရပါတယ်။ ရုပ်အလောင်းပြန်တွေ့ချိန် နားမှာ ဝတ်ဆင်ထားတဲ့ နားကွင်းက ဆွဲဖြုတ်ခံထားရသလို ဒဏ်ရာရရှိကာ သွေးထွက်နေတယ်လို့လည်း ရုပ်အလောင်းသွားရောက်သယ်ဆောင်စဉ် မျက်မြင်အခြေအနေကို FDR အသင်းတာဝန်ရှိသူကဆိုပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက “ကလေးမိဘတွေ ပြောစကားအရတော့ မနေ့က မိုးရွာနေချိန် သူ့အိမ်ရှေ့တံစပ်မြိတ်အောက်မှာ ကိုယ်ဝန်နဲ့ အမျိုးသမီးတစ်ဦး မိုးခိုနေတယ်တဲ့။ မိုးတိတ်ချိန် ကလေးလည်း ပျောက်နေသလို ဟိုအမျိုးသမီးလည်း မရှိတော့ဘူးပေါ့။ အဲ့လိုတော့ ပြောတာပဲ။ ကလေးကတော့ သူ့ဘာသာ လျှောက်သွားတယ်ပဲ ဆိုဦး သူ့နေရာကနေ အဲ့လောက်အဝေးကြီး ဘယ်လိုမှ မရောက်နိုင်ဘူး” လို့ ပြောပါတယ်။
ကလေးရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လှိုင်သာယာဆေးရုံကြီးဆီ FDR အသင်းကပဲ ပို့ဆောင်ပေးခဲ့ကာ စစ်ဆေးမှုတွေအပြီး အခုညနေပိုင်းမှာတော့ ရခိုင်ရိုးလေးကျေးရွာရှိ ညောင်ဝိုင်းသုသာန်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
