◾️ ဇွန်လ ၈ ရက်မတိုင်မီ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး အမှန်တကယ်သွားလာရန် ခက်ခဲသောဒေသများကိုသာ ခွင့်ပြုပေးမည်

၂၈. ၅. ၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများ မူလဖြေဆိုခဲ့ရာ စာစစ်ဌာနသို့ သွားလာရန်မလွယ်ကူပါက မိမိလက်ရှိရောက်ရှိနေသော မြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခုခုတွင် ဝင်ရောက်ဖြေဆိုရန် လျှောက်ထားနိုင်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ဖြေကြားထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သူတချို့သည် စစ်ဘေးရှောင်ရင်း နေရပ်အသီးသီးကို ရောက်ရှိနေပြီး ရောက်ရှိနေရာမှ မူလဖြေဆိုခဲ့သည့်မြို့နယ်များသို့ ပြန်လာရန်အခက်အခဲများ ရှိနေခြင်းဖြစ်သည်။ထို့ကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ လက်ရှိနေထိုင်ရာ မြို့နယ်များတွင် ပြန်လည်စာရင်းပေးသွင်းပြီး စာမေးပွဲဖြေဆိုခွင့် ရှိ/မရှိနှင့်ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
SAC သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်မှာ “၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်ရှိရောက်ရှိနေသော နေရာမှ မိမိမူလဖြေဆိုခဲ့ရာ စာစစ်ဌာနသို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရမလွယ်ကူသည့် အခြေအနေဖြစ်ပါက မိမိလက်ရှိရောက်နေသော မြို့နယ်အတွင်း ဖွင့်လှစ်ထားသော စာစစ်ဌာနတစ်ခုခုတွင် ဝင်ရောက်ဖြေဆိုခွင့်ပြုရန် ထိုမြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်” ဟု ဖြေကြားထားသည်။
ယင်းကဲ့သို့ ခွင့်ပြုပေးရာတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ၏ ဘာသာတွဲရှိမှသာ ခွင့်ပြုမည်ဖြစ်သည်။ စာစစ်ဌာနအလိုက် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ဦးရေပေါ် မူတည်၍ စာမေးပွဲဆိုင်ရာပစ္စည်းများနှင့် စာမေးပွဲဆိုင်ရာကိစ္စရပ်များ ကြိုတင်စီစဉ် ဆောင်ရွက်ရန်လိုအပ်သဖြင့် ပြောင်းလဲဖြေဆိုခွင့် လျှောက်ထားခြင်းကို တစ်ကြိမ်သာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ထပ်မံပြောင်းလဲဖြေဆိုခွင့်အား ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် အမှန်တကယ်သွားလာရန် ခက်ခဲသောဒေသများအတွက်ကိုသာ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပြီး ပြောင်းလဲဖြေဆိုလိုသူများအနေဖြင့် ဇွန်လ ၈ ရက်မတိုင်မီ မိမိရောက်ရှိနေသည့် မြို့နယ်ပညာရေးမှူးရုံမှတစ်ဆင့် စာစစ်ဌာနပြောင်းလဲဖြေဆိုခွင့်ပြုရန် လျှောက်ထားနိုင်ကြောင်း ဖြေကြားထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ဖြေဆိုသူဦးရေ စုစုပေါင်း ၆၂,၉၅၄ ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂,၁၈၉ အုပ်တိုသည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ပြန်ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
ပုံစာ- ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းအတွင်းရှိ စာစစ်ဌာနတစ်ခုတွင် ဖြေကြားခဲ့မှုကို တွေ့ရစဉ်။
