
၂၈.၅.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးဖွင့်လှစ်တဲ့ ၁/၂ဝ၂၅ ရုပ်ရှင် သရုပ်ဆောင်သင်တန်းကို လာမယ့် ဇွန်လဆန်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“အနုပညာပိုင်းကို စိတ်ဝင်စားသူတွေအနေနဲ့ တက်ရောက်ချင်ရင်တော့ သင်တန်းသူ/ သင်တန်းသားတွေ အနေဖြင့် ရုပ်ရှင်သရုပ်ဆောင်သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံကို ယနေ့က စပြီး တင်လို့ရနေပါပြီ။ ခေတ်အဆက်ဆက်က သင်ကြားပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ကဏ္ဍကို ရွေးချယ်တတ်ရောက်နိုင်ပါတယ်။ ဗဟန်းမြိုနယ်၊ ဝင်္ကပါလမ်းက အမှတ် (၁၆) ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုံးချိန်မှာ ဇွန်လ ၆ ရက်နေ့အထိ နောက်ဆုံးထားလာလျှောက်နိုင်ပါတယ်။ သင်ကြားပေးမယ့် ဆရာတွေကိုတော့ မကြာခင်ကြေညာပေးမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက် ရုပ်ရှင်သရုပ်ဆောင်သင်တန်းတွေ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ တည်းဖြတ်၊ စက်မှု အစရှိတဲ့ သင်တန်းတွေကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးပြီး၊ အနုပညာ၊ အတတ်ပညာစွမ်းအားတွေကိုဖြည့်ဆည်းပေးလျှက်ရှိခဲ့ပါတယ်။
ယခု ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်သူတွေ၊ ဝါသနာရှင်တွေရဲ့ လိုအင်ဆန္ဒအရ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင် သရုပ်ဆောင်သင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
စနစ်တကျသင်ကြားမှုဖြစ်စေဖို့အတွက် အဓိကသင်ကြားပေးမယ့် သင်တန်းဆရာတွေကို သင်ကြားရေးမှာ ၁ဝ နှစ်ကျော် ကျောင်းဖွင့်သင်ကြားအတွေ့အကြုံရှိတဲ့ ဝါရင့်ပညာရှင်(၄)ဦးကို ရွေးချယ်ထားပါတယ်။ ဒီဆရာတွေက (၁)သရုပ်ဆောင်ပညာပိုင်း (၂) အသံနေ အသံထားပညာပိုင်း (၃) အမူအရာမဟုတ်သော သရုပ်ဆောင်တို့ တတ်အပ်သော ပညာပိုင်းနဲ့ (၄) နိုင်ငံတကာတွင် ပိုချနေတဲ့ ပညာရှင်ကြီးတွေကို နိဿရည်းတွေ ခေါင်းစဉ်ကြီး ၄ ခုနဲ့ သင်ကြားပိုချပေမယ့်လို့သိရပါတယ်။
ဝါရင့်အကယ်ဒမီ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ အတတ်ပညာရှင် အနုပညာရှင်ကြီးတွေက အတွေ့အကြုံတွေ၊ လမ်းညွှန်ချက်တွေနဲ့ ဝိုင်းဝန်းပံ့ပိုးသင်ကြားသွားဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
