
၂၈. ၅. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ စစ်ရေးအထိနာနေမှုကြောင့် အသက်မပြည့်သေးတဲ့ ချင်းကျောင်းသားလူငယ်တွေပါမချန် ပေါ်တာဆွဲပြီး ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာကြောင့် ဒီလိုလုပ်ရပ်တွေရပ်ပြီး ဖမ်းဆီးထားတဲ့ အသက်မပြည့်သေးသူ ချင်း ကျောင်းသား/သူတွေနဲ့ လူငယ်တွေများစွာကို ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC – ရခိုင်ပြည်နယ်) က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
AA ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက် (National Defense Emergency Provision) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှာ စတင်ပြဌာန်း စစ်မှူထမ်းခိုင်းနေပေမဲ့ တရားဝင်ထုတ်ပြန်လာတာမရှိသလို ဒီစစ်မှုထမ်းရမယ့်ပြဌာန်းချက်က ပြည်သူများစွာအကျပ်အတည်းနဲ့ ကြုံတွေ့မယ့်ပြဌာန်းချက်ဖြစ်တဲ့ အပြင် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကင်းကွာနေတယ်လို့လည်း CPSC က ပြောပါတယ်။
AA နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင်တွေရော ချင်းပြည်သူတွေပါ ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမှီခွင့် စတဲ့ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်ကြရချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားဖို့ သွားရောက်ကြတဲ့ အသက်မပြည့်သေးသူ ချင်းကျောင်းသား /သူ ၆၃ ဦးခန့်ကို AA က ဖမ်းဆီးပြီး စစ်သင်တန်းကို ပို့ဆောင်တယ်လို့ မိသားစုဝင်တွေဆီက သိရှိရလို့ ဒီလို ချင်းလူငယ်တွေနဲ့ ချင်း ကျောင်းသား/သူတွေကို ပြန်လည်လွှတ်ပေးဖို့လည်း CPSC က တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
