
၂၈.၅. ၂၀၂၅
Written by Tha Doe
မန်ယူနှင့် ယနေ့ညတွင် ခြေစမ်းမည့် ASEAN-All Stars အသင်း၌ ပါဝင်ကစားရန် ရွေးချယ်ခံထားရသည့် မြန်မာ့လက်ရွေးစင်ကစားသမားမောင်မောင်လွင်၏ လေ့ကျင့်နေမှုမြင်ကွင်းပုံရိပ်များဖြစ်သည်။
မန်ယူအသင်းနှင့် ASEAN-All Stars အသင်းတို့သည် “Maybank Challenge Cup 2025” ခေါင်းစဥ်အောက် ယှဥ်ပြိုင်ကြမည်ဖြစ်၍ အနိုင်ရသည့်အသင်းသည် ဖိတ်ခေါ်ဖလားရရှိမည်ဖြစ်ပြီး အဆိုပါအာရှခရီးစဥ်အတွက် မန်ယူအသင်းသည် ကစားသမား ၃၂ ဦးခေါ်ဆောင်လာခဲ့ကာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်မှအစပြု၍ ပထမဦးစားပေးကစားသမားအားလုံးကို မြင်တွေ့ရနိုင်မည်ဖြစ်သည်။
မောင်မောင်လွင်သည် မန်ချက်စတာယူနိုင်တတ်နှင့် ယှဥ်ပြိုင်ကစားခွင့်ရနိုင်မည့်အခွင့်အရေးအဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)သည် ယနေ့ မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အာဆီယံ ညွန့်ပေါင်း ASEAN-All Stars တို့ ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်အား အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF ကမြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဧပြီလအတွင်း တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့သည်။
မောင်မောင်လွင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်းပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်းအသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်းဖြစ်ကြောင်း AFF က ထုတ်ပြန်သည်။ အာဆီယံ ညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ယခု ဧပြီလအထိ မှတ်တမ်းများအရ ဟံသာဝတီယူနိုက်တတ်၊ ရန်ကုန်ယူနိုက်တတ်နှင့် လန်ဖွန်းဝါရီယာတို့အတွက် သွင်းဂိုး ၅၂ ဂိုးသွင်းယူပေးထားသလို မြန်မာ့လက်ရွေးစင်အသင်းအတွက် ၁၉ ဂိုးသွင်းယူပေးထားသော ၂၉ နှစ်သား မောင်မောင်လွင် မန်ယူအသင်းနှင့် ပါဝင်ကစားရန် ရွေးချယ်ခံလိုက်ရခြင်းသည် ပါဝင်ခွင့်မရလျင်ပင် ဂုဏ်ယူစရာဖြစ်သလို ခြေစမ်းပွဲတို့ဓလေ့အရလည်း ပါဝင်ခွင့်ရနိုင်မည်ဖြစ်သဖြင့် ကမ္ဘာ့ထိပ်တန်းကစားသမားတို့နှင့် တွဲဖက်ယှဥ်ပြိုင်ခွင့်ရမည့်အဖြစ်လည်းဖြစ်ရာ မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးအတွက် ထာဝရဂုဏ်ယူစရာလည်း ဖြစ်လာခဲ့မည်ဖြစ်သည်။







