
၂၈. ၅. ၂၀၂၅
Written by Nay Moe
မန္တလေး PDF ဟာ သူ့အဖွဲ့ထဲမှာ တပ်ဘက်ကစေလွှတ်ထားတဲ့ ဒလန်သူလျှိူ(၇)ဦး စစ်ဆေးတွေ့ရှိဆိုပြီး PDF လူငယ် ခုနစ်ဦးကို နာမည်၊ ရုပ်ပုံနဲ့တကွထုတ်ပြန်လာသလို ဒီအထဲမှာ PDG လူငယ် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပါတယ်။
တပ်မတော်ရဲ့ ထောက်လှမ်းရေး ယန္တရားမှာ အဓိကပါဝင်တယ်လို့ မန္တလေး PDF အဖွဲ့ဝင်တွေက ရဲသွေး(ခ) Black (ခ) ချစ်ရအောင်၊ ကျော်ဇင်ထက်(ခ)ဘစော၊ ပန်းအိဖြူ(ခ)ဟယ်ရီကျော်၊ မေမြတ်နိုး(ခ)Yuki၊ ပိုင်အာကာဦး(ခ)ပိုင်ပိုင်၊ ကြယ်စင်လင်း(ခ)ဂျူးလစ်၊ ကျော်ပြည့်အောင်(ခ) System တို့ဖြစ်ပြီး မန္တလေး PDF ထဲမှာ Medic ဌာန၊ သင်တန်းဆရာ၊ ပြည်သူ့ရေးရာဌာနကြီးနဲ့ အမျိုးသမီးတပ်ရင်း၊ ဆေးအဖွဲ့ စတဲ့ဌာနတွေမှာ တာဝန်ထမ်းဆောင်သွားခဲ့သူတွေလို့ မန္တလေး PDFက အသိပေးပါတယ်။
ဒီ PDF လူငယ် ခုနစ်ဦးဟာ ထောက်လှမ်းရေး ယန္တရားမှာ ပါဝင်ပြီး မန္တလေး PDF ရဲ့ တပ်ပြေးတွေဖြစ်ကြောင်း၊ တချို့သူတွေဟာ တပ်ပြေးဖို့ လိမ်လည်လှည့်ဖျားစည်းရုံးမှုကို ယုံမှတ်ပြီး တပ်ပြေးမှု ကျူးလွန်စဥ် ဖမ်းဆီးခံရပြီး အတင်းအကျပ် ဖိအားပေးခံရမှုကြောင့် မလွှဲသာမရှောင်သာ လုပ်နေရသူတွေ ရှိနိုင်ပေမဲ့ တချို့တွေကတော့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ မန္တလေး PDFက ဆိုပါတယ်။
ဒီဖြစ်ရပ်အပေါ် တော်လှန်ရေးလောကနဲ့ ဆက်နွှယ်သူတွေက ပါဂျောင်လူသတ်ပွဲနဲ့ ခိုင်းနှိုင်းနေပြီး ပါဂျောင်လူသတ်ပွဲဆိုတာက ၁၉၉၂ ဖေဖော်ဝါရီမှာဖြစ်ပွားခဲ့တဲ့ မြန်မာပြည်လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) က လက်နက်ကိုင်တောခိုသွားတဲ့ ကျောင်းသားခေါင်းဆောင်ပိုင်းတွေက ကျောင်းသားအချင်းချင်းကြားမှာ သူလျှိုရှိတယ်ဆိုပြီး ကျောင်းသားကျောင်းသူ ၁၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး မခင်ချိုဦးကို မသတ်ခင်မှာ တစ်ကိုယ်လုံးချွတ်ခိုင်းပြီး ဝိုင်းဝန်းကိုင်တွယ်ပြီးမှ သတ်ဖြတ်တာ၊ ထွန်းအောင်ကျော်၊ မောင်မောင်ကြွယ်၊ ဖရက်ဒီအောင်သန်း စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ကျောင်းသားတွေကပဲ ခေါင်းဖြတ်သတ်တာစတဲ့ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး မန္တလေး PDF ရဲ့လုပ်ရပ်မျိုးနဲ့ ဆင်တူနေတာလည်း ဖြစ်ပါတယ်။
“ပါဂျောင်ထက် ဆိုးတော့မယ်။ ဒလန်လို သတ်တယ်။ ဘာအထောက်အထားမှ မလိုဘူး။ ခုလည်း MDY-PDF က သူလျှိုဖော်ထုတ်လိုက်ပြီတဲ့။ သူလျှိုတွေက ဘယ်သူတွေလဲဆိုတော့ MDY-PDF မှာ မနေချင်လို ထွက်ပြေးတဲ့သူတွေကို သူလျှိုဆိုပြီး ရောကြိတ်တာ။သူ့ဟာသူ စစ်ရှုံးတာကို သူလျှိုရှိနေပါတယ်ဆိုပြီး PDF ထဲရှိတဲ့ကောင်တွေ အကုန်လုံး ရှင်းခံရတော့မယ်။ ဘယ်လိုကောင်တွေ အရင်ရှင်းခံရမလဲဆိုရင် PDF ခေါင်းဆောင်ပိုင်းကို ပြန်ပြောတဲ့သူတို့၊ စည်းကမ်းဖောက်တဲ့သူတို့၊ CDM လုပ်ထားတဲ့သူတွေ၊ တပ်ပြေးတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေ အဲ့လိုလူတွေကို ဒီကောင်တွေက အချင်းချင်းသူလျှိုလုပ်တယ်ဆိုပြီးသတ်တော့မယ်”လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြသလို မန္တလေး PDF ခေါင်းဆောင် အော်စမွန်လို့ သိကြတဲ့ ဒေါက်တာစိုးသူရဇော်အကောင့်အောက်မှာလည်း ပါဂျောင်လူသတ်ပွဲကို ပြန်အစပြုနေသူလို့ ဝေဖန်သူတွေ ရှိနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် မန္တလေး PDF ရဲ့ သူလျှိုအမည်တပ်ဖော်ထုတ်ခံရတဲ့ PDF ခုနစ်ဦးအကြောင်းဖော်ပြတဲ့ NUG ရဲ့ PVTV အောက်မှာလည်း ကျောင်းသားအချင်းချင်းကို သူလျှိုဆိုပြီး ရက်စက်ယုတ်မာစွာသတ်ဖြတ်တဲ့ ပါဂျောင်လူသတ်ပွဲလို မဖြစ်ဖို့ ဝိုင်းဝန်းဝေဖန်နေကြတာ တွေ့ရပါတယ်။





