
၂၈.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ပရာဆတ် ဂျန်တာရာရွန်တုံက မဲခေါင်မြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ ကော့မြစ် ( Kok River) အတွင်း အာဆင်းနစ်စိန်နဲ့ တခြားသတ္တုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ မြန်မာအစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ မေလ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။
ပရာဆတ်က ရေမျက်နှာပြင်အရည်အသွေးတိုးတက်ကောင်းမွန်ရေး ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ချင်းရိုင်ပြည်နယ် မြို့တော်ခန်းမမှာ မေလ ၂၇ ရက်ကအစည်းအဝေးတစ်ရပ် ဦးစီးပြုလုပ်စဉ် ပြောခဲ့တာလည်းဖြစ်ပါတယ်။
သူက ထိုင်းအစိုးရအနေနဲ့ ကော့မြစ်အတွင်း ညစ်ညမ်းမှုတွေဖြစ်လာနေလို့ စိုးရိမ်မှုတွေအပေါ် ဦးစားပေးတယ်လို့လည်း ပြောခဲ့ပါတယ်။ ကော့မြစ်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ချင်းရိုင်နဲ့ ချင်းမိုင်ပြည်နယ်တွေကို ဖြတ်သန်းစီးဆင်းတာပါ။ အခုအခါ မြစ်အထက်ပိုင်းက တူးဖော်လာတဲ့ ရေတွေက ရွှေမိုင်းတွင်းတူးဖော်မှုကြောင့် ညစ်ညမ်းပြီးမသန့်မပြန့်ဖြစ်နေရတယ်ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ဆွေးနွေးမှုတွေက ဆတ်ဆတ်ထိမခံအခြေအနေမှာတောင် ဖြစ်နိုင်တယ်လို့ ပရာဆတ်က ပြောခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှုအဆင့်မှာတော့ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြပြီး မူဝါဒပိုင်းအဆင့်မှာတော့ မပြုလုပ်ကြရသေးပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ခရီးစဉ်မတိုင်မီမှာပဲ ညှိနှိုင်းဆွေးနွေးပွဲရက်တွေ သတ်မှတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပရာဆတ်က ပြောပါတယ်။ သူက “ထိုင်းနိုင်ငံအနေနဲ့ ဂြိုဟ်တုဓာတ်ပုံရှိထားပါတယ်။ နှစ်ဖက်အစိုးရတွေက ပြဿနာအတွက် ဖြေရှင်းချက်တွေရှာမတွေ့ခင် ပြဿနာရဲ့အကြောင်းရင်းကို သဘောတူရမှာပါ” လို့လည်း ပြောခဲ့ပါတယ်။
ပရာဆတ်က “မြစ်အထဲကငါးတွေရဲ့ အရေပြားပေါ်မှာ အနီဖုလေးတွေတွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့စိုးရိမ်မိတယ်။ ဒါက အာဆင်းနစ်ကြောင့်တော့မဟုတ်ပေမယ့် ရေထဲမှာ ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်လာရတာပဲ။ မြစ်ရေကိုစစ်ဆေးမှုရလဒ်တွေမှာလည်း အများစုကတော့ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ-ထိုင်းနယ်စပ်နယ်မြေမှာတော့ အာဆင်းနစ်ပါဝင်မှုက ပုံမှန်ထက်မြင့်နေတယ်” လို့ ပြောခဲ့ပါတယ်။
သူက ဒါကြောင့် အဲဒီဒေသတွေမှာ ပြည်သူတွေကို မြစ်ရေအရင်းအမြစ်တွေကရေကို တိုက်ရိုက်မထိတွေ့ကြဖို့၊ မသောက်သုံးကြဖို့နဲ့ ပိုက်ကလာတဲ့ရေကပဲ အန္တရာယ်ကင်းတယ်လို့ သတိပေးထားရတယ်လို့ ပြောခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ အထက်လွှတ်တော်အမတ် အန်ခါနာ နီလာပိုင်ဂျစ်က “ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စမှာ တရုတ်နိုင်ငံအစိုးရနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရရှိထားမှုကို အသုံးချသင့်တယ်။ ဝ နယ်ထဲမှာ ရှိနေတဲ့ ရွှေတွင်းက တရုတ်နိုင်ငံမှကုမ္ပဏီတစ်ခုက လုပ်နေတာလို့အစောပိုင်းက သိရတယ်။ ဝ ကို ကုလသမဂ္ဂအသိအမှတ်မပြုလို့ ထိုင်းအာဏာပိုင်တွေအနေနဲ့ မဆွေးနွေးနိုင်ပေမယ့် ရွှေတွင်းလုပ်နေတဲ့ကုမ္ပဏီတွေကိုတော့ တာဝန်ယူပေးဖို့ ဆွေးနွေးရမယ်”လို့ ပြောခဲ့ပါတယ်။
ကော့မြစ်က မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း တောင်တန်းတွေမှာ မြစ်ဖျားခံကာ ဝ နယ်ထဲကဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ချင်းမိုင်နဲ့ချင်းရိုင်ပြည်နယ်ထဲမှတစ်ဆင့် မဲခေါင်မြစ်ကိုစီးဝင်တာပါ။
Ref-Bangkok Post