၁၉.၅ .၂၀၂၅
Written by Hey Mar
YBS ပေါ်မှာ ဖုန်းအနှိုက်ခံရလို့ ခါးပိုက်နှိုက်နဲ့ အခြေအတင်စကားများရာက ကားပေါ်ကတွန်းချကာ ကားအောက်အရောက် ခါးပိုက်နှိုက်က အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်လို့ ၁၉ နှစ်အရွယ်လူငယ်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၁၉ ရက် ရုံးတက်ချိန် မနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တယ်လို့ ကိုပူတူးနှင့် ဘော်ဒါများအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။
ဖြစ်စဉ်က အလုံ ပန်းပင်ကြီးလမ်းကနေ သာကေတ ဆောက်လုပ်ရေးမှတ်တိုင်အထိ ပြေးဆွဲတဲ့ YBS (၈၉)ယာဉ်ပေါ်မှာ ဖုန်းနှိုက်ရင်း ခါးပိုက်နှိုက်နဲ့ အခြေအတင်ဖြစ်တာကြောင့် ကားပေါ်မှ တွန်းချကာ အောက်အရောက် အုပ်စုလိုက် ရိုက်နှက်မှုဖြစ်ပွားတာလို့ ပတ်ဝန်းကျင်က သိရှိရတဲ့ အခြေအနေကိုလည်း ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့က ရေးသားထားပါတယ်။
ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့တာဝန်ရှိသူက “လူငယ်က ဦးခေါင်း ညာဘက်ချိုစောင်း ပေါက်သွားတာပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်သိပြည်သူတချို့က ဖုန်းဆက်အကူညီတောင်းခံလာတာကြောင့် အခင်းဖြစ်နေရာဖြစ်တဲ့ ပန်းဆိုးတန်းနဲ့ကမ်းနာလမ်းထောင့်ကို မြေပြင်အကူအညီပေးဖို့ ရောက်ရှိချိန် ရိုက်နှက်ခံရတဲ့ လူငယ်မှာ သတိလစ်နေတာကြောင့် အချိန်နဲ့တစ်ပြေးညီ လိုအပ်တဲ့ မြေပြင်ကုသမှုတွေပြုလုပ်ပေးပြီး ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
