၁၉. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ ကန်ချနာပူရိခရိုင်၊ ထောင်းဖာဖွမ်အမျိုးသားဥယျာဉ်က တာဝန်ရှိသူတွေဟာ ပီလော့ကီးသစ်တောဧရိယာအတွင်း ရွှေတူးဖော်ခြင်းကို တရားမဝင်လုပ်ဆောင်နေသူအဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တရားမဝင်ရွှေခိုးတူးတဲ့အဖွဲ့ကို ဖမ်းဆီးဖို့ကြိုးစားတဲ့ မေလ ၁၇ ရက်နေ့မှာ ရွှေခိုးတူးတဲ့အဖွဲ့လိုက်ကို ဖမ်းမမိပေမဲ့ ထိုင်းနိုင်ငံသားမဟုတ်တဲ့ ကရင်လူမျိုး အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိကရင်လူမျိုးဟာ ထောင်းဖာဖွမ်ခရိုင်၊ သာခနွန်မြို့နယ်မှာ နေထိုင်ကြောင်း ဖော်ပြထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားရှိတာတွေ့ရပြီး ကျန် ၉ ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
အမျိုးသားဥယျာဥ် တာဝန်ရှိသူတွေက ဖမ်းမိကရင်လူငယ်နဲ့ သက်သေခံပစ္စည်းတွေကို ပီလော့ရဲစခန်းက စုံစမ်းစစ်ဆေးသူတွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီကျူးလွန်မှုကြောင့် ကရင်လူငယ်ဟာ အရေးကြီးတဲ့ ရေဝေကြောသစ်တောဧရိယာရှိ သဘာဝအရင်းအမြစ်တွေကို ဖျက်ဆီးခြင်းဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို တာဝန်ရှိသူတွေက ထွက်ပြေးသွားတဲ့ သံသယရှိသူတွေကို လျင်မြန်စွာ ခြေရာခံ ဖမ်းဆီးအရေးယူသွားမယ်လို့လည်း သိရပါတယ်။
Ref, Khaosod


