
၁၈.၅.၂၀၂၅
Written By Zun
မြင်းခြံမြို့မှတစ်ဆင့် ရန်ကုန်သို့လာ၍ ဂျပန်နိုင်ငံသို့ အလုပ်သွားလုပ်ရန် သင်တန်းတက်နေသည့် အမျိုးသမီးငယ်ကို သတ်ပြီး မြွေရေခွံအိတ်ကြီးဖြင့်ထည့်ကာ စွန့်ပစ်ထားမှု ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိ အဆိုပါအမှုတွင် လူသတ်မှု ကျူးလွန်သူဟု ယူဆရသူဖြစ်သည့် အသက် ၂၂ နှစ်အရွယ် သူရလင်း ဆိုသူနှင့် အသက် ၁၄ နှစ်အရွယ် လူငယ်အမျိုးသားကို ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ချုပ်ရက်ရမန် နှစ်ပတ်ယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ နှင်းဆီအဆောင်တွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ် မသီရိနွယ် ဆိုသူမှာ ပြီးခဲ့သည့် မေလ ၈ ရက်ကစ၍ အဆောင်သို့ပြန်မလာဘဲ ပျောက် ဆုံးသွားခြင်း ကြောင့် မေလ ၁၁ ရက်က ရွှေပြည်သာမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ထားခဲ့သော အမှု ဖြစ်ကြောင်း သိရသည်။
မသီရိနွယ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အဆောင်မှူးနှင့် အဆောင်နေသူများအား စစ်ဆေးရာ မေလ ၈ ရက် ညနေတွင် တစ်ဆောင်တည်းနေထိုင်သူ သူရလင်းနှင့် အမျိုးသားတစ်ဦးတို့ လေးလံသည့်အရာဝတ္တုထည့်ထားသည့် မြွေရေခွံဆာလာအိတ်တစ်ခု သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ကြရကြောင်း ထွက်ဆိုခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် သူရလင်းအား ဆက်လက်စစ်ဆေးရာ ၎င်းနှင့် သူငယ်ချင်းဖြစ်သူ ကျော်ဇင်မောင်တို့နှစ်ဦးက တစ်ဆောင်တည်းနေထိုင်သူ မသီရိနွယ်ထံမှ ဖုန်းနှင့်လက်စွပ် လုယူရန်ကြိုးစားစဉ် ရုန်းကန်သည့်အတွက် ပါးစပ်ပိတ်ကာ လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကြောင်း သိရသည်။
ယင်းနောက် မသီရီနွယ်၏အလောင်းကို ဆာလာအိတ်ဖြင့်ထည့်ပြီး သုံးဘီးဆိုင်ကယ်ငှားကာ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက်ရှိ ကိုင်းတောသို့ သွားရောက်ခဲ့ကြောင်း၊ ကျော်ဇင်မောင် က ၎င်း၏နေအိမ်ရှေ့အရောက်၌ အင်္ကျီလဲရန်ကျန်ခဲ့သည့်အတွက် အနီးနားတွင်တွေ့ရှိရသည့် ခင်မင်ရင်းနှီးသူ အောင်မြင့်မြတ်ကို ခေါ်ဆောင်ကာ ဆက်လက် ထွက်ခွာခဲ့ကြောင်း၊ ကိုင်းတောသို့ ရောက်ရှိချိန်တွင် ကျော်ဇင်မောင်ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့ သုံးဦးက ဆာလာအိတ်ဖြင့်ထည့်ထားသည့် မသီရိနွယ်၏ရုပ်အလောင်းကို ကိုင်းတောအတွင်း စွန့်ပစ်ခဲ့ကြကြောင်း ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
သေဆုံးသူ မသီရိနွယ် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းနှင့် ရွှေလက်စွပ်ကို သူရလင်းထံက သိမ်းဆည်းရမိထားကြောင်း၊ သို့သော်လည်း မသီရိနွယ်ကို မသတ်ဘဲ အလောင်းကို စွန့်ပစ်ရုံသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။
စစ်ဆေးထွက်ဆိုချက်များအရ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဆိုပါ ကိုင်းတောအတွင်းသို့ မေလ ၁၂ ရက် ညပိုင်းတွင် သွားရောက်စစ်ဆေးရာ ပုပ်ပွနေသည့် မသီရိနွယ်၏ ရုပ်အလောင်း ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ မသီရိနွယ် သေဆုံးမှုနှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ သူရလင်းနှင့် အသက် ၁၄ နှစ်အရွယ် လူငယ်အမျိုးသားအား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၁၆၁ / ၂၀၂၅ ၊ ပြစ်မှုဆိုင်ရာ ရာဇ သတ်ကြီးဥပဒေပုဒ်မ – ၃၉၂ / ၃၀၂ / ၂၀၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
