၁၂.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကရာဘန်ခရိုင်ရှိ King kitchen ပရိဘောဂစက်ရုံကို မေလ ၁၁ ရက်၊ တနင်္ဂနွေနေ့ ညမှာ လောင်ကျွမ်းခဲ့တဲ့မီးက မေလ ၁၂ ရက်၊ တနင်္လာနေ့နံနက်ပိုင်းအထိ ဆက်လက်လောင်ကျွမ်းနေသေးတာကြောင့် အနီးအနားရပ်ကွက်တွေက လူတွေကိုပါ ကယ်ဆယ်ပြောင်းရွှေ့မှုတွေ ပြုပေးနေရတယ်လို့ သိရပါတယ်။
ချာလုံကရန် လမ်းသွယ် ၅၅ မှာ လောင်ကျွမ်းနေတဲ့ မီးကို မီးသတ်ကားအစီး ၃၀ ကျော်နဲ့ မီးသတ်သမားတွေက ဝိုင်းဝန်းငြှိမ်းသတ်နေကြတာကို တွေ့ရပါတယ်။
မီးလောင်ကျွမ်းရာကထွက်လာတဲ့ ထူထဲလှတဲ့ မီးခိုးငွေ့တွေနဲ့ စက်ရုံမြေအောက်ထပ်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးရဲ့ အလွန်ပူပြင်းလှတဲ့ အပူရှိန်တို့ကြောင့် မီးသတ်သမားတွေမှာ မီးငြှိမ်းသတ်ရာမှာ အတားအဆီးတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
စက်ရုံရဲ့မြေအောက်ထပ်က ပရိဘောဂတွေနဲ့ ပလတ်စတစ်လုံးတွေကို သိုလှောင်ဖို့ အသုံးပြုပါတယ်။ စက်ရုံလည်ပတ်ဖို့ အထပ်သားတွေ၊ ကတ်ထူသေတ္တာတွေနဲ့ ပလတ်စတစ်လုံးတွေ များပြားစွာထောက်ပံ့ ပေးရတာပါ။ ဒါတွေက လောင်စာအားကောင်းစေခဲ့ပါတယ်။
ဘန်ကောက်မြို့တော်ကောင်စီဥက္ကဋ္ဌ ဆူရာဂျစ် ပွန်ဆင်ဝီသာရာက မီးသနတ်သမားတွေဟာ မီးကိုငြှိမ်းသတ်ဖို့ ရေမြှုပ်နဲ့ရေတွေကို အသုံးပြုနေတယ်လို့ပြောခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသေဆုံးမှုသတင်းတွေတော့ မရရှိသေးပါဘူး။ ပရိဘောဂစက်ရုံကိုတော့ မီးစတင်လောင်တဲ့ မေလ ၁၁ ရက်ထဲက ပိတ်ထားခဲ့ပါတယ်။ စက်ရုံပတ်ဝန်းကျင် အနီးတစ်ဝိုက်က လူတွေကိုလည်း အပူရှိန်နဲ့ ပလပ်စတစ်မီလောင်မှုကြောင့်မီးခိုးငွေ့တွေကနေ လွတ်ကင်းရာကို ရွှေ့ ပြောင်းပေးထားရတယ်လို့ သိရပါတယ်။
Ref- Bangkok Post




