၁၂.၅.၂၀၂၅
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် ဟိန်းဝေယံရဲ့ ယနေ့ မေလ ၁၂ ရက်မှာ ကျရောက်တဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့အလှူကို လူအယောက် ၁၀၀၀ နီးပါးစာ စတုဒိသာကျွေးမွေးခြင်းအခမ်းအနား ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်း ၂၅ ရပ်ကွက်ရှိ ပြည်စံအေးမိုးကုတ်ရိပ်သာကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ မွေးနေ့တိုင်းမှာ နှစ်စဉ်အလှူအတန်းတွေ ကုသိုလ်ပြုရင်း ဖြတ်သန်းဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးက ကျွန်တော့်ရဲ့ အသက် ၁၆ နှစ်ပြည့်ပြီး နှစ် ၂၀ တိုးသွားတဲ့ မွေးနေ့လေးပါ။ ဒီနှစ်လည်း အလှူအတန်းတွေနဲ့ ကုသိုလ်ပြုဖြစ်ပါတယ်။ ကျောင်းရှိသံဃာတော် ၂၅ ပါးကို နေ့ဆွမ်းကပ်တယ်။ လှူဖွယ်ဝတ္ထု အစုစုကို လှူဒါန်းခဲ့ပါတယ်။ စတုဒိသာ အလှူကတော့ လူအယောက် ၇၀၀ စာကျော် စီစဉ်ထားပေမယ့် လူအယောက် ၁၀၀၀ နီးပါးစာ လှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ် “လို့ သရုပ်ဆောင် ဟိန်းဝေယံက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အလှူမှာတော့ မိဘနှစ်ပါးနဲ့ ညီမဖြစ်သူ သရုပ်ဆောင် Ella ရွှေစင်တို့က ကျောင်းရှိ ဆရာတော်သံဃာတော် အရှင်သူမြတ် ၂၅ ပါးကို လှူဖွယ်ပစ္စည်းများနဲ့ နေ့ဆွမ်းဆက်ကပ်ခြင်းအပြင် ဝတ္ထုငွေတွေ စတာတွေလှူဒါန်းခဲ့ပြီး တရားတော်နာယူ ရေစက်သွန်းချ အမျှဝေခဲ့ပါတယ်။ စတုဒိသာအလှူအနေနဲ့ ကြက်အစပ်ကြော်၊ ငံပြာရည်ကြော်၊ ဘဲဥကုလားဟင်းနဲ့ ရေခဲမှုန့်တို့ကို လူအယောက် ၁၀၀၀ နီးပါးစာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
အနုပညာလောကမှာ ဆယ်စုနှစ်များစွာဖြတ်သန်းလာတဲ့ ဟိန်းဝေယံကတော့ မကြာခင် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြဖို့ ရှိသလို မောင်နှမနှစ်ယောက်အတွဲ ဇာတ်လမ်းတွဲရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
#ဟိန်းဝေယံ #HeimWaiYan #MyanmarActor #MyanmarCele #CeleBirthday #CeleBirthdayDonation
#36Birthday










