၁၂ .၅ .၂၀၂၅
Written by Hey Mar
မိုးရွာနေစဉ် လယ်စောင့်တဲထဲ မိုးခိုကာ ထန်းရည်သောက်နေကြတဲ့ အမျိုးသားငါးဦးအနက် မိုးကြိုးစက်ကွင်းမိလို့ နှစ်ဦးနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၁၁ ရက် နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တလုတ်ပင်ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ မြို့သစ်မနောဖြူနာရေးကူညီမှုအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က တလုတ်ပင်ကျေးရွာသား ငါးဦးက ကျေးရွာချင်းဆက်လမ်းဖြစ်တဲ့ တလုတ်ပင်ကျေးရွာနဲ့ အင်းရွာကြီးကျေးရွာကြားက လမ်းပေါ်မှာ မေလ ၁၀ ရက်နေ့ညက မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်လဲကျ ကန့်လန့်ခံနေတာကို ရှင်းလင်းကူညီဖို့ မေလ ၁၁ ရက် မနက်ပိုင်းမှာ သွားရောက်လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။ အဲဒီလိုဆောင်ရွက်နေစဉ် မိုးရွာသွန်းပြီး လျှပ်စီးတွေလည်းလက်နေတာကြောင့် အနီးအနားလယ်ကွင်းရဲ့ လယ်စောင့်တဲထဲမှာ ထန်းရည်သောက်ရင်း မိုးခိုနေကြရာက အခုလို မိုးကြိုးစက်ကွင်း ထိမှန်ခဲ့တာလို့ သိရပါတယ်။
မနောဖြူ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက “မိုးကြိုးက သူတို့ကို တိုက်ရိုက်ပစ်တာမဟုတ်ဘူး။ ငါးဦးဝိုင်းဖွဲ့နေတာမှာ နှစ်ဦးက ထိသွားတာ။ သုံးဦးက ဓာတ်လိုက်လို့ လွင့်သလို လွင့်ပြီး မေ့နေကြတာ။ ကျွန်တော်တို့အသင်း မြေပြင်အကူအညီရောက်တော့ စက်ကွင်းမိတဲ့ နှစ်ဦးက ဆုံးလျက်သားဖြစ်နေပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မိုးကြိုးစက်ကွင်းမိလို့ သေဆုံးသူနှစ်ဦးကို မနေ့က မေလ ၁၁ ရက် ညနေပိုင်းက မြို့သစ်ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ အသင်းကပဲ ရင်ခွဲရုံကနေ တလုတ်ပင်ကျေးရွာရှိ သေဆုံးသူတို့ရဲ့ နေအိမ်အသီးသီးဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ်မှာ မိုးသက်လေပြင်း ကျရောက်ချိန် မီးသွေးကို ဖုတ်တဲ့ နေရာကနေ မီးသွေးထုတ်ယူနေတဲ့ အမျိုးသား (၃)ဦး မိုးကြိုး အပစ်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။


