၁၂. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဆက်တိုက်ကျဆင်းလာခဲ့သည့် စားအုန်းဆီဈေးနှုန်း ယခုတစ်ပတ်တွင် အခြေခံလက်ကားဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၆၂၀ သတ်မှတ်ခဲ့ပြီး လေးလတာကာလအတွင်း ကျပ် ၆၆၀ ကျဆင်းလာခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ပြည်ပမှ စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆,၆၂၀ ဖြစ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကော်မတီမှ အသိပေးထားသည်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီ တစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်း၌ တစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း အဆိုပါ လေးလတာကာလအတွင်း ၆၆၀ ကျပ် ကျဆင်းလာခဲ့ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mmi Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
