၁၂.၅.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ံငံတို့က ဗီယက်နမ်နိုင်ငံမှာ နျူကလီးယားစွမ်းအင်စက်ရုံတွေ တည်ဆောက်သွားဖို့အတွက် လျင်မြန်စွာ ညှိနှိုင်းဆွေးနွေးသွားဖို့နဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးကြဖို့အတွက် နှစ်ဖက်သဘောတူခဲ့တယ်လို့ ပူးတွဲကြေညာချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

ပူးတွဲကြေညာချက်မှာ နှစ်ဖက်စလုံးက အဆင့်မြင့်ခေတ်မီနည်းပညာတွေနဲ့ တည်ဆောက်သွားမယ့် စက်ရုံတွေက နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်လုံခြုံစိတ်ချရမှုစည်းမျဉ်းတွေအရ တင်းကြပ်စွာလိုက်နာမှုရှိမယ့်အပြင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပူးတွဲကြေညာချက်ကို မော်စကိုသို့ အလည်အပတ်ရောက်ရှိနေတဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်ရဲ့ ခရီးစဉ်အပြီး မေလ ၁၁ ရက်က ထုတ်ပြန်ခဲ့တာပါ။
ဗီယက်နမ်နိုင်ငံအနေနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ရပ်ဆိုင်းထားတဲ့ နျူကလီးယားစွမ်းအင်စက်ရုံတွေ တည်ဆောက်သွားဖို့အတွက် လုပ်ငန်းကို ပြန်လည်စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါက နိုင်ငံရဲ့ လျင်မြန်စွာဖွံ့ ဖြိုးနေတဲ့စီးပွားရေးကို အထောက်အကူပြုနိုင်ဖို့ စွမ်းအင်မျိုးဆက်ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုရမှာပါ။
ဗီယက်နမ်အစိုးရက ၆ ဒသမ ၄ ဂစ်ဂါဝပ်အထိ ပေါင်းစပ်စွမ်းဆောင်နိုင်အားရှိတဲ့ ပထမဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ၂၀၃၀ မှ ၂၀၃၅ ခုနှစ်အကြားအသုံးပြုနိုင်ဖို့ အရင်က မျှော်လင့်ထားခဲ့တာပါ။
၂၀၂၅ ခုနှစ် အဆန်းပိုင်းမှာတော့ ဗီယက်နမ်အစိုးရက နျူကလီယားစွမ်းအင်စီမံကိန်းတွေအတွက် ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်နဲ့ အမေရိကန်တို့ပါတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးသွားမယ်လို့ ပြောခဲ့တာပါ။
ဗီယက်နမ်နဲ့ ရုရှားနိုင်ငံတို့ဟာ ဗီယက်နမ်နိုင်ငံကို ရုရှားရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည်တွေ ထောက်ပံ့မှုပြုဖို့ အပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။
ရုရှားနဲ့ ဗီယက်နမ်တို့ဟာ သူတို့နိုင်ငံတွေရဲ့ စွမ်းအင်ကုမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံ ပိုင်နက်နယ်မြေတွေမှာ အချင်းချင်း ချဲ့ထွင်ဆောင်ရွက်သွားကြမှုကလည်း လွယ်ကူချောမွေ့လာစေလိမ့်မယ်လို့ ပူးတွဲကြေညာချက်က ဆိုခဲ့ပါတယ်။
Ref- Bangkok Post
