၁၂. ၅. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၈၅၄ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့်ခရီးသွား၊ သတ္တုတွင်းထွက်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုဇုန်ဖော်ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည့်စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ အဓိက ခွင့်ပြုပေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း DICA မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့ရာမှ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာမှုနှင့် တုံ့ဆိုင်းမှုများဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင်ပျမ်းမျှ ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
