၁၂.၅.၂၀၂၅
Written by Hey Mar
အရက်ကြောင် ကြောင်နေတဲ့ အမျိုးသားတစ်ဦးက သူ့လက်ကောက်ဝတ်ကို သူကိုယ်တိုင် ဓားနဲ့လှီးဖြတ်တဲ့အတွက် သွေးထွက်လွန်ဒဏ်ရာနဲ့ ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်တင်ပို့ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က မေလ ၁၁ ရက်နေ့ ည ၈ နာရီခန့်အချိန်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ လင်းလက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းသစ်(ကွန်ကရစ်လမ်း)၊ အမှတ် (၅)ဂိတ်အနီးမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦး သွေးတွေနဲ့လဲကျနေကြောင်း အပိုင်နယ်ထိန်းက မြေပြင်အကူအညီပေးဖို့ ပရဟိတအသင်းကို ဆက်သွယ်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
“ဒါက သေကြောင်းကြံစည်မှုဆိုတော့ ရဲအရေးပိုင်တဲ့ အမှုဖြစ်နေတယ်။ သက်ဆိုင်ရာက စီစဉ်ညွှန်ကြားတဲ့အတိုင်း လူနာကို သွေးထွက်မလွန်အောင် သေချာပြုစုပေးပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနကို ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာက လှီးထားတာအတော်နက်တယ်။ လူနာဖြစ်သူနေတာက ၂၉ လမ်း။ ဖြစ်တာက လမ်းမတော်မှာ ဖြစ်တာပေါ့။ မိသားစုလည်းအဆက်အသွယ်ရပါတယ်။ ပိုင်ရှင်မဲ့မဟုတ်ဘူး။ သူကိုယ်တိုင်က အရက်ကြောင်လို့ လျှောက်သွားနေတာပေါ့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြောပြပါတယ်။


