၁၂. ၅. ၂၀၂၅
Translated by Thettant
ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ထရပ်ကားတို့ တိုက်မိမှုကြောင့် ရွှေ့ပြောင်း မြန်မာလုပ်သားအမျိုးသမီးနှစ်ဦး ခြေကျိုးလက်ကျိုးဖြင့် ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကန်ချနာဘူရီပြည်နယ်၊ သာမကခရိုင်၊ မူအန်းစီမြောင်းခရိုင်ခွဲ၊ Thai Food Chicken စက်ရုံအနီး ဝင်ပေါက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် အသက် ၂၀ မှ ၃၀ ကြားရှိ မြန်မာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကို လမ်းဘေးတွင် လက်များနှင့် ခြေထောက်များ ကျိုးပဲ့ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။ အလားတူ အသက်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိရပြီး ခွန်းရတနာဝတ်ဖောင်ဒေးရှင်းမှ အရေးပေါ်အကူအညီပေးရေးအဖွဲ့က ရှေးဦးသူနာပြုစုမှုများ ကုသပေးပြီးနောက် အမြန်ဆုံးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။
ဖြစ်စဥ်အနီးတွင် အကြီးအကျယ်ပျက်စီးနေသည့် အနက်ရောင် ယမဟာမော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ရှိရသည်။ ယင်းအနီးတွင် တိုက်မှုဖြစ်ပွားခဲ့သည့် အနက်ရောင်ဖို့ဒ်ပစ်ကပ်ထရပ်ကားမှာ လမ်းဘေးတွင် ရပ်ထားပြီး ရှေ့ဘက်မှာ သိသိသာသာ ပျက်စီးနေသည်ကို တွေ့ရသည်။
ပစ်ကပ်ထရပ်ကားမောင်းသူက ထွက်ဆိုရာတွင် သကြားခင်းသို့ မောင်းနှင်လာစဉ် ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာသော လူသုံးဦးတင်ဆောင်ထားသည့် ဆိုင်ကယ်ကို မမြင်လိုက်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ဂငယ်ကွေ့ ကွေ့ရန် စောင့်နေသည့် အခြားယာဉ်တစ်စီးကြောင့် မြင်ကွင်းပိတ်ကာ ထိုဆိုင်ကယ်နှင့် ပြင်းထန်စွာ တိုက်မိခဲ့ခြင်းဖြစ်သည်ဟုလည်း ရှင်းပြခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းစစ်ဆေးမှုများအရ အခင်းဖြစ်ပွားရာနေရာတွင် ဖြစ်စဉ်အသေးစိတ်များကို မှတ်တမ်းတင်ခဲ့သည်။ ယာဉ်တိုက်မှု၏ အတိအကျအကြောင်းရင်းကို ဖော်ထုတ်ရန်အတွက် ပစ်ကပ်ထရပ်ကားမောင်းသူကို အသေးစိတ်စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref, The Thaiger

