၁၂.၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာပဲ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ ကရာချိကိတ်မုန့်ဆိုင်ကို ဦးတည်ပစ်မှတ်ထားကာ မကျေမနပ်ဖြစ်နေကြတဲ့ ဆန္ဒပြသူတွေက နာမည်ပြောင်းပေးဖို့ တောင်းဆိုရင်း တိုက်ခိုက်မှုတွေ မေလ ၁၁ ရက်က လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အိန္ဒိယစစ်တပ်ရဲ့ ဆင်ဒူးစစ်ဆင်ရေးအတွင်း နှစ်နိုင်ငံအကြားတိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်နေခဲ့တာနဲ့အမျှ ပါကစ္စတန်နိုင်ငံရဲ့မြို့နာမည်ကို ကိတ်မုန့်ဆိုင်က ဆိုင်အမည်ပေးထားတာအပေါ် ဆန့်ကျင်မှုတွေကို ကြုံလာရပြီး ဆန္ဒပြသူတွေက တိုက်ခိုက်မှုတွေပါ လုပ်လာခဲ့ကြတာပါပဲ။ ဆိုင်သက်တမ်း ၇၃ နှစ်ရှိပြီဖြစ်တဲ့ ကရာချိကိတ်မုန့်တိုက်ရှေ့မှာ ဆန္ဒပြသမား ၁၀ ယောက်ကနေ ၁၅ ယောက်ခန့်က စုရုံးခဲ့ကြပြီး ပါကစ္စတန်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို မေလ ၁၁ ရက်ကပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လိမ္မော်ရောင်လည်စည်းတွေ ဝတ်ဆင်ထားတဲ့ဆန္ဒပြသမားအုပ်စုဟာ ဆိုင်ခွဲများစွာရှိတဲ့ ကရာချိကိတ်မုန့်တိုက်ရဲ့ ဟိုက်ဒရာဘတ်မြို့ရှိ ဆိုင်ခွဲတစ်ခုကို အမည်ပြောင်းဖို့တောင်းဆိုရင်း ခုလိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတာကို လူမှုကွန်ရက်ရှိ ဗီဒီယိုတွေမှာ တွေ့ခဲ့ကြပါတယ်။
သူတို့တွေက ဟိုက်ဒရာဘတ်မြို့ရဲ့တောင်ပိုင်း၊ ရှမ်ရှာဘတ်နယ်မြေရှိ ကိတ်မုန့်တိုက်ခွဲရှေ့မှာ သုံးရောင်ခြယ်အလံတွေကိုင်ကာ စုရုံးကြပြီးတဲ့နောက် ဆိုင်ရဲ့အမည်ဘုတ်ပြားကို တုတ်ချောင်းတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဆိုင်မှာရော ဆိုင်ဝန်ထမ်းတွေမှာပါ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး။
ဗီဒီယိုတွေမှာ ဆန္ဒပြသမားတွေက ရဲတပ်ဖွဲ့ဝင်တွေရောက်လာတဲ့အထိ ဆိုင်ကို တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြောကြားတားမြစ်တော့မှ လူစုခွဲထွက်သွားကြတယ်လို့ သိရပါတယ်။
Ref- The Hindustan Times
