
၁၂. ၅. ၂၀၂၅
Translated by Thettant
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများ လျော့ပါးလာကြောင်း ပြသသည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ကုန်ပစ္စည်းများအပေါ် ကောက်ခံထားသည့် အခွန်အများစုကို ရပ်ဆိုင်းရန် ယနေ့တွင် သဘောတူညီခဲ့ကြပြီး ဤသဘောတူညီချက်အရ နှစ်နိုင်ငံအကြားရှိ “အပြန်အလှန်” အခွန်များသည် ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဖြစ်သည်။
သို့သော် အမေရိကန်က ဖန်တနိုင်း (Fentanyl)နှင့် သက်ဆိုင်သော တရုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် ၂၀ ရာခိုင်နှုန်း အခွန်မှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံအပေါ် စုစုပေါင်း အခွန် ၃၀ ရာခိုင်နှုန်း ရှိနေမည်ဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်လာချိန် တင်းမာမှုများ လျော့ကျလာခဲ့သော ဤအောင်မြင်မှုသည် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်များ ဆွစ်ဇာလန်နိုင်ငံတွင် အလွန်အရေးကြီးသော ဆွေးနွေးပွဲများကို ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ဟာ အလွန်အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး Lake Geneva မှာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခုအတွက် တည်ငြိမ်အေးချမ်းမှုကို များစွာ ပေါင်းထည့်ပေးခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင်တ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများ လျော့ပါးလာကြောင်း ပြသသည့် လှုပ်ရှားမှုအဖြစ် တစ်ဖက်နှင့်တစ်ဖက် ကုန်ပစ္စည်းများအပေါ် ကောက်ခံထားသည့် အခွန်အများစုကို ယာယီရပ်ဆိုင်းမှုသည် ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်သည်။ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးက စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဘဏ္ဍာရေးဈေးကွက်များကို တုန်လှုပ်စေပြီး စီးပွားရေးကျဆင်းမှုဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေသည့် ပြင်းထန်သော ကုန်သွယ်ရေး အစီအမံများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။ အမေရိကန်၏ ကုန်သွယ်မှုလိုငွေကို လျှော့ချရန် ရည်ရွယ်သည့် အဆိုပါ အခွန်များသည် တရုတ်နိုင်ငံကို အထူးထိခိုက်စေခဲ့သည်။ ထရမ့်သည် တရုတ်ကုန်ပစ္စည်းများအပေါ် ၁၄၅ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံခဲ့ပြီး၊ ဘေဂျင်းသည် ရှားပါးသတ္တုအချို့အပေါ် ကန့်သတ်ချက်များအပါအဝင် တုံ့ပြန်သည့် ကန့်သတ်မှုများဖြင့် တုံ့ပြန်ခဲ့ပြီး အဆိုပါ လုပ်ဆော်ငမှုများကြောင့် ကျဆင်းသွားသည့် စတော့ရှယ်ယာစျေးများမှာ လက်ရှိ အခွန်အများစုတိုးမြှင့်ကောက်ခံမှုအပေါ် ရပ်ဆိုင်းသည့်သတင်းကြောင့် စတော့ရှယ်ယာစျေးများ ပြန်လည်မြင့်တက်လာခဲ့သည်။
ထို့နည်းတူ တရုတ်နိုင်ငံဘက်ကလည်း မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပခဲ့သော် အဆိုပါဆွေးနွေးပွဲမှ ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိသော၊ အရေးကြီးသော သဘောတူညီမှုများရရှိခဲ့ပြီး လက်တွေ့ကျသော တိုးတက်မှုများရရှိကြောင်း၊ နှစ်ဖက်လုံးက တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ယန္တရား ထူထောင်ရန် တစ်ပြိုင်နက် သဘောတူညီခဲ့ကြောင်း၊ တရုတ်-အမေရိကန်အနေဖြင့် သက်ဆိုင်ရာအသေးစိတ်အကြောင်းအရာများကို အမြန်ဆုံး အတည်ပြုသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု၌ ရရှိခဲ့သည့် သဘောတူညီမှု ပူးတွဲ ကြေညာချက်ကို မေလ ၁၂ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍတွင် တရုတ်ဘက်ကဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
Ref CNBC & Xinhua