


၁၂.၅.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင် ကတော့ ငလျင်ဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းရင်း တော်တော် ရင်ထဲမကောင်း ဖြစ်ခဲ့မိတယ်လို့ ဆိုပါတယ်။
“ကိုယ့်ရဲ့ အနုပညာနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်သီဆိုခွင့်ရလို့ အရမ်းကို ပီတိဖြစ်မိပါတယ်။ ကိုယ့်အနုပညာအားနဲ့ ကူညီသလို ရှေ့ပိုင်းမှာလည်း ကိုယ့်ရဲ့ အနုပညာကရခဲ့တဲ့ ငွေကြေးတွေနဲ့ လှူခဲ့ပါတယ်။ ဒါက အနုပညာအားနဲ့ ထပ်လှူခွင့်ရလို့ ကြည်နူးမိပါတယ်။ ကိုယ်တိုင်လည်း မကြုံဖူးသေးတဲ့ ငလျင်မို့ တော်တော် ကြောက်မိတယ်။ ခေါင်းတွေမူးတယ်။ လိုင်းတွေလည်း ပျက်သွားတော့ မသိလိုက်ဘူး။ နောက်မှ စစ်ကိုင်းတံတားကြီး ကျိုးသွားတယ် သိရတယ်။ မန္တလေးဘက်တွေ တော်တော်အခြေအနေဆိုးတာကိုး။ ကိုယ်တိုင်သွားကြည့်ချိန်မှာ တော်တော် အခြေအနေဆိုးတော့ တော်တော်လေး ဝမ်းနည်းဖို့ကောင်းပါတယ်။ တချို့အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေနေကြပေမယ့် ပြိုသွားချိန် လိုက်လှူတော့ သူတို့ဝမ်းနည်းနေကြတဲ့ မျိုးစုံခံစား နေရတာကြည့်ပြီး တော်တော်ရင်ထဲမကောင်းဖြစ်ခဲ့ရပါတယ်”လို့ လွှမ်းပိုင်က ပြောပါတယ်။
သူကတော့ ငလျင်ဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ပဒေသာကပွဲမှာ ပါဝင် သီဆို ထားသူလည်းဖြစ်ပါတယ်။ လွှမ်းပိုင်က သရုပ်ဆောင် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက တစ်ဆင့် ငွေကျပ်သိန်း ၅၀ကို ပါဝင်လှူဒါန်းထားသလို ငလျင်ဘေးသင့်နေရာတွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းထားသူလည်းဖြစ်ပါတယ်။
အဆိုတော်လွှမ်းပိုင်က ၂၀၂၅ ခုနှစ်မှာ သီချင်းခွေအသစ်ထွက်ရှိပြီး ဝါသနာပါတဲ့ ဂိမ်း Stream ပိုင်းတွေ လုပ်ဆောင်သွားမှာဖြစ်သလို ဇာတ်လမ်းတိုတွေလည်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
“ကိုယ် ငယ်ငယ်က နေခဲ့ဖူးတဲ့ စစ်ကိုင်းတံတားကြီးမြင်တော့ စိတ်ထဲမကောင်းဘူး။ ဒီအဖြစ်အပျက်က ရုပ်ရှင်ကားထဲ ရိုက်ပြတယ်ဆိုရင်တောင် မဟုတ်လောက်ဘူး ထင်ရပေမယ့် ကိုယ့်တိုင်မြင်မှ အများကြီးပဲ ဆုံးရှုံးမှုတွေကလေ။ ကျွန်တော်တို့ မသိသေးတဲ့ ဒုက္ခတွေလည်း အများကြီး ရှိနေဦးမှာပါ။ ရုပ်ရှင်ကားထက်ပိုတဲ့ လူတွေဒုက္ခတွေက ပိုများပါတယ်”လို့ သူကဆက်ပြောပါတယ်။