




၁၁. ၅. ၂၀၂၅
Written by Nyein Kyaw
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
SAC ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြပြီးနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ် ခေါ်ဆိုကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့်ဇနီး၊ SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများသည် သတ်မှတ်ထားသည့် နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ယင်းနောက် မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။




ဝတ်အသင်းအဖွဲ့များအလိုက် ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ပြီး ညောင်ရေသွန်းလောင်းပူဇော်ကြပြီးနောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အလားတူ ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း SAC ဥက္ကဋ္ဌနှင့်ဇနီးတို့အမှူးပြု၍ SAC ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြသည်။
