
MT News
၁၁. ၅ . ၂၀၂၅
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညထုတ်ပြန်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ကျော်ဇင်ဦး မောင်းနှင်ပြီး မမွန်မွန်ငြိမ်း လိုက်ပါလာသည့် မစ်ဆုဘီရှိ ဖူဆို ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ် ၄ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ကျူးလွန်သူတို့ထွက်ဆိုမှုအရ သိရှိခဲ့ရသည်။
ထို့အတွက် ဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
