
MT News
၁၁. ၅. ၂၀၂၅
ရခိုင်လူမျိုးဖြစ်သော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုမှာ ကြိုတင်ကြံစည်၍ AA အဖွဲ့နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယခုညထုတ်ပြန်ကြေညာလာသည်။
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်တွင် တာဝန်ကျနေရာမှ အကြောင်းမဲ့ပျက်ကွက် လျက်ရှိကြောင်းသိရှိရသဖြင့် စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့သည်။ စိစစ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အနီးကပ် သင်ကြားပို့ချပေးနိုင်ရေးအတွက် မေလ ၁ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟူသော အကြောင်းပြချက်ဖြင့် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးထံ ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်း ပုံမှန်သင်တန်းဆင်းချိန်အထိ တာဝန်ကျနေရာသို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများမှ ဒေါ်ဝင်းဝင်းအောင်ထံ ဆက်သွယ်သော်လည်း တစ်စုံတစ်ရာ ဆက်သွယ်မှုမရရှိခဲ့ဘဲ ည ၉ နာရီခွဲခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း၏ Gmail သို့ အကြမ်းဖက်အဖွဲ့အစည်းများအသုံးပြုသည့် [email protected] ဖြင့် “Your Mon Condition is ok. After Little Checking, and will free” ဟု ပေးပို့လာခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။


ထို့ကြောင့် ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သောစုံစမ်းစိစစ်မှုများ ဆောင်ရွက်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် နံနက် ၅ နာရီ ၄၇ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့် မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံးဆောင်ပစ္စည်းများ ပါရှိသည့် အိတ်အသေး တစ်လုံးဖြင့် တက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားသုံးခဲ့ပြီး နံနက် ၇ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo (ခဲရောင်) မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦး ဖြစ်ပြီး သူငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း စိစစ်တွေ့ရှိိရသည်။
သတင်းစုံစမ်းဖော်ထုတ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ၎င်းပျောက်ဆုံးဖြစ်စဉ် ကာလမတိုင်မီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ပြီး ၎င်းမှတစ်ဆင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွားရောက်၍ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီ နိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။ အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရန် အင်တိုက် အားတိုက်ကြိုပမ်းပြင်ဆင်နေကြသည့် မိဘဆရာများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာ သင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန်အတွက်လည်းကောင်း၊ သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆရာ/ဆရာမများအား အကြောက်တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုး နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့်ချိတ်ဆက်ကာ သတင်းအမှားများ ထုတ်လွှင့်ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ထို့အပြင် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများမှလည်း အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ယိုယွင်းစေပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပေါ် စေရန်အတွက် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ မဟုတ်မမှန်လုပ်ကြံသတင်းအမှားများအား လိမ်လည် ရေးသားထုတ်လွှင့်ဖြန့်ချိလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများသည် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်းသား/ကျောင်းသူများအား အနှောင့်အယှက်ဖြစ်ပေါ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ/ဆရာမများ ကိုလည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းမှု မခံရစေရေး အထူးသတိပြုကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးပို့စေလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။
