




၁၀.၅.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်က ရွက်ပုန်းသီးတွေကို မြေတောင်မြောက်ပေးနေတဲ့ “Myanmar Star Season 2” Grand Final ပြိုင်ပွဲကို မေလ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Studio Canvas မှာ ကျင်းပခဲ့ရာ Myanmar Star Season 2 ရဲ့ ဆုကြေးငွေ ကျပ်သိန်း ၁၀၀၀ နဲ့ Winner ဆုကို ပလက်ဝချင်းတိုင်းရင်းသား Emphraim ကျော်ဦးက ဆွတ်ခူးရရှိခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ကိုဇင်အောင်ဖိနပ်ကိစ္စ စဖြစ်ကတည်းက အရမ်းကြောက်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ကြောက်တဲ့အရာက ကျွန်တော်ကြိုပြင်ဆင်ရတယ်။ ပိုပြီး ကြိုးစားရမယ့်အပိုင်းတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကြိုးစားခဲ့ပါတယ်။ ပထမက မပြိုင်ချင်တဲ့အထိကို ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ဘယ်လိုကြိုးစားဝတ်စားရမလဲဆိုတာ ပိုသိလာတယ်။ အခုချိန် Winner ရခဲ့တော့ တကယ်ကျေးဇူးတင်တယ်”လို့ Myanmar Star Winner ဆုရှင် Ephraim ကျော်ဦးက ပြောပါတယ်။
အဆိုပါ Myanmar Star Season 2 ရဲ့ Grand Final မှာတော့ English Song Week၊ Popular Song Week၊ ကိုယ့်ဘဝနဲ့ သက်ဆိုင်တဲ့သီချင်း Week နဲ့ Grand Final ညပိုင်းမှာဆိုပြီး အပိုင်း ၄ ပိုင်းအနေနဲ့ကျင်းပခဲ့ဖြစ်ပြီး အကဲဖြတ် ဒိုင်အနေနဲ့ တေးရေးဆရာ စောခူဆဲ၊ အဆိုတော် မေခလာနဲ့ ဇင်အောင်တို့ပါဝင်ခဲ့ကာ ပြိုင်ပွဲအဆုံးပိုင်းမှာ အဆိုတော် မေခလာအစား အဆိုတော် ရေဗက္ကာဝင်းနဲ့ တေးရေးဆရာ စောခူဆဲအစား ဥက္ကာဦးသာက ပါဝင် ဆောင်ရွက်လာခဲ့တာပါ။
ဒီ ပြိုင်ပွဲမှာ Top 6 တွေဖြစ်တဲ့ Ephraim Kyaw Oo၊ Hoihpi ၊ Nan Ni ၊ Saw Myo Razar Kyaw၊ KD Seng Awng နဲ့ Ngwa Chay Tar တို့ယှဉ်ပြိုင်ခဲ့ရာမှာ Myanmar Star Season 2 Winner ဆုနဲ့ ဆုကြေးငွေ ကျပ်သိန်း ၁၀၀၀ ကို Emphraim ကျော်ဦး ၊ First Runner Up ဆုနဲ့ ဆုကြေးငွေ ကျပ်သိန်း ၄၀၀ ကို Nan Ni ၊ Second Runner Up ဆုနဲ့ ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ကို ချင်းတိုင်းရင်းသူ Hoihpi က ဆွတ်ခူးရရှိခဲ့ကြပါတယ်။
Special guest singer တွေအနေနဲ့ နိုင်ငံကျော်အဆိုတော် မေခလာ(ချစ်ငယ်)၊ Myanmar STAR Season 1 Winner Le Len ၊ Season 1 ပြိုင်ပွဲဝင် တေးရေး၊ တေးဆို Rain La နဲ့ Season 2 ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Hmue Myat Chel၊ JK Sophia၊ Yu Wai Phyo နဲ့ Zan Willi တို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
Myanmar Star Season 2 မှာတော့ ယှဉ်ပြိုင်သူ ၄၀၀၀ ကျော်ရှိခဲ့ရာမှ အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး Judge Audition ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က MICT Park ရှိ Myanmar Star Studio မှာ စတင်ပြုလုပ်ခဲ့ရာက အဆင့်ဆင့်ကို ယှဉ်ပြိုင်လာခဲ့ရတာပါ။
Myanmar Star Season 2 Grand Final ပွဲကြီးကိုဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပဖို ရည်ရွယ်ထားခဲ့ပေမယ့် မန္တလေး ငလျင်ဘေးဖြစ်ပွားခဲ့တဲ့အတွက် Grand Final ပွဲကို မေလ ၉ ရက်နေ့ညမှာ ရက်ပြောင်းရွေ့ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။