
၁၀. ၅ .၂၀၂၅
Written by Hey Mar
မြစ်ကူးတံတားအလယ်၊ လမ်းလယ်ခေါင်မှာ ကားပျက်လို့ ရပ်ထားတဲ့ ကွန်တိန်ယာဉ်ကို လူသုံးဦး လိုက်ပါစီးနင်းလာတဲ့ Alphard ယာဉ်က နောက်ကနေဝင်တိုက်တာကြောင့် နှစ်ဦးပြင်းထန်ဒဏ်ရာတွေရရှိကာ ဆေးရုံတင်ပို့ကုသမှုခံယူနေရတဲ့ဖြစ်စဉ် မနေ့က မေလ ၉ ရက်နေ့ ည ဆယ့်တစ်နာရီကျော် အချိန်မှာ ရန်ကုန်မြို့၊ ဒေါပုံမြို့နယ် ဘက်အခြမ်း၊ မဟာဗန္ဓုလ တံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါကွန်တိန်နာယာဉ်မှာ တံတားအလယ် လမ်းလည်ခေါင် ထိုးပျက်သွားတာမို့ အချက်ပြမီး မဖွင့်နိုင်သလို ရောင်ပြန်တွေလည်းမပါရှိဘူးလို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ ယာဉ်နောက်ဘက် ငါးပေခန့်အကွာမှာ အဝါရောင် ဆီထည့်တဲ့ပုံး တစ်ပုံးသာ ချထားတယ်လို့လည်း မျက်မြင်တွေ့ရှိတာကို MT Newsကို ပြောပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကွန်တိန်နာက သူတို့ အတိုက်ခံရလို့ အတိုက်ခံရမှန်းတောင်မသိဘူးတဲ့။ ခေါင်းခန်းထဲ အိပ်နေကြတာ။ ယာဉ်မှုစစ်ကလာပြီး ယာဉ်မောင်းရှာတော့မှ ကားခေါင်းခန်းကနေ ဆင်းလာတယ်။ သူတို့ မသိလိုက်ဘူးလို့ ပြောတယ်။ သက်ဆိုင်ရာကတော့ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့အတွက် စစ်ဆေးဆောင်ရွက်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့အသင်းနဲ့ မိတ်ဖက်အသင်းတွေက ဒဏ်ရာရ လူနာတွေကို ရန်ကုန်ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့ပါတယ်” လို့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ကွန်တိန်နာယာဉ်ကို နောက်ကနေ ဝင်တိုက်မိတာကြောင့် Alphard ယာဉ်ပေါ်မှ ယာဉ်မောင်းမှာ ဦးခေါင်းငယ်ထိပ် ဟက်တက်ကွဲ ပြင်းထန်ဒဏ်ရာ၊ ယာဉ်မောင်းဘေးမှ လိုက်ပါလာသူ အမျိုးသမီးတစ်ဦးမှာ ခါးရိုးကျိုး အတွင်းလူနာ အဖြစ်ဆေးရုံတင်ပို့ရပြီး ယာဉ်နောက်ခန်းက စီးနင်းသူ အမျိုးသမီးကတော့ ဖူးယောင် ပွန်းပဲ့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။