
၁၀. ၅. ၂၀၂၅
Translated by Thettant
ယနေ့ စနေနေ့ နံနက်အစောပိုင်းတွင် ကရင်ပြည်နယ်၌ ကရင်သူပုန်အဖွဲ့များက မြန်မာ့တပ်မတော်၏ တပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော်သည် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်သို့ ဒုက္ခသည်အဖြစ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရသည်။
ထို့အတွက် ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် တက်ခ်ခရိုင်၊ မဲလမြို့နယ်နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ဘားအံခရိုင်ကြားရှိ နယ်စပ်ဒေသကို အင်အားအလုံးအရင်းဖြင့် တိုးမြှင့်ကာကွယ်ထားသည်။

တပ်မတော်နှင့် KNU လက်အောက်ခံ KNLA အပြင် KNDO နှင့် PDF သူပုန်အဖွဲ့သည် ထိုင်းနယ်စပ်မှ ခုနစ်ကီလိုမီတာအကွာ ဖားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ လေးပနာဒီ (တခေါ်ဘီခွီး) တပ်စခန်းကို တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသော မြန်မာဒုက္ခသည် ၃၂၈ ဦး ဝင်ရောက်လာခြင်းကြောင့် ထိုင်းနိုင်ငံဘက်က လုံခြုံရေးကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
KNU သတင်းများအရမူ လေးပနာဒီ (တခေါ်ဘီခွီး) တပ်စခန်းကို သူပုန်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူထားနိုင်ပြီး ယခုအချိန်တွင် တန်လဲ့တပ်စခန်းကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု ဖော်ပြသည်။
တိုက်ပွဲအတွင်း တပ်မတော်သားများက လေကြောင်းပစ်ကူတောင်းခံခဲ့ပြီး Yak-130 တိုက်လေယာဉ်တစ်စင်းသည် ကရင်တပ်စခန်းများကို ဗုံးသုံးလုံး ကြဲချခဲ့သည်။

ထိုင်းအာဏာပိုင်များသည် အခြေအနေကို ဆက်လက်စောင့်ကြည့်ကာ ဒုက္ခသည်များအား လိုအပ်သည့် အကူအညီများ ပေးအပ်လျက်ရှိသည်။
အင်္ဂါနေ့ကလည်း ကန်ချနဘူရီပြည်နယ်မှ ဒေသခံများက နယ်စပ်မျဉ်းပေါ်မြန်မာတိုက်လေယာဉ် နှစ်စင်း ပျံသန်းနေသည်ကို တွေ့ရှိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝေချာရာချိုင်းက နောက်ပိုင်းတွင် ၎င်းတို့သည် နယ်စပ်အနီးသို့သာ ပျံသန်းခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို အသေးအဖွဲကိစ္စတစ်ခုအဖြစ် ပယ်ချခဲ့သည်။