
၁၀.၅.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ရဲ့ အဓိကကျတဲ့ စီမံကိန်းတွေကို မဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့နဲ့ တိုးတက်တည်ဆောက်မှုတွေ ပြုသွားဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကို မေလ ၉ ရက်က တိုက်တွန်းမှု ပြုခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုခေတ်က ကြီးမြတ်လှတဲ့မျိုးချစ်တို့ရဲ့အောင်ပွဲအထိမ်းအမှတ် အနှစ် ၈၀ ပြည့် အခမ်းအနားကိုတက်ရောက်ကြစဉ် မြန်မာနိုင်ငံ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးကြရာမှာ ရှီက အခုလိုပြောခဲ့တာလည်းဖြစ်ပါတယ်။
ရှီက “တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ဘယ်အခါမှာမဆို တစ်ဦးကိုတစ်ဦး အထောက်အကူပေးကြတဲ့ မျှဝေတဲ့အနာဂတ်ရှိတဲ့ အသိုင်းအဝိုင်းကိုလည်း ပိုင်ဆိုင်ကြတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ ဘန်ဒေါင်းမူ ငါးရပ်ကိုလည်းထောက်ခံကြတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံကြားတည်ရှိတဲ့အသိုင်းအဝိုင်းဟာ ထင်ရှားလာတဲ့ ခေတ်နဲ့အပြိုင်ရှိတဲ့တန်ဖိုးနဲ့အတူ တစ်ဖြည်းဖြည်း တိုးတက်ခိုင်မာလာတယ်”လို့ ဆိုခဲ့ပါတယ်။
ဒီနှစ်ကလည်း တရုတ်နဲ့မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နှစ်ဖြစ်တာနဲ့အညီ ရှီက တရုတ်နိုင်ငံ အနေနဲ့ချစ်ကြည်မှုရှိပြီး၊ လုံခြုံမှုရှိကာ အကျိုးဖြစ်ထွန်းမယ့် အိမ်နီးနားချင်းနိုင်ငံတွေအချင်းချင်း ရိုင်းပင်းမှုကိုတည်ဆောက်သွားပြီး၊ ချစ်ကြည်မှု၊ရိုးသားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနဲ့ အားလုံးပါဝင်နိုင်မှု အခြေခံမူတွေကိုလိုက်နာသွားမယ့်အပြင် ချမ်းသာကြွယ်ဝမှုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မျှဝေသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် ရှီက တရုတ်နိုင်ငံအနေနဲ့ မျှဝေတဲ့အနာဂတ်၊ တိုးတက်မှုရှိတဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုစီမံချက်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုရှေ့ပြေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးရှေ့ပြေးစီမံချက်နဲ့ ကမ္ဘာလုံးဆိုင်ရာမြို့ပြယဉ်ကျေးမှု စီမံချက်တို့နဲ့အတူ နှစ်နိုင်ငံအကြား လူမှုအသိုင်းအဝိုင်း အဆောက်အအုံတစ်ရပ်ကိုတည်ဆောက်ရေး မြန်မာနိုင်ငံနဲ့အတူ ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဆက်လက်ပြီးတော့ မကြာသေးမီက မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ မန္တလေးငလျင်က သေကြေဒဏ် ရာရပျောက်ဆုံးမှုတွေအပြင် အိုးအိမ်ထိခိုက်မှုတွေလည်းအများအပြားဖြစ်စေခဲ့လို့ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးအသင်းတွေ တရုတ်နိုင်ငံက ပထမဆုံးစေလွှတ်ခဲ့ပြီး လူသားချင်းစာနာမှုအထောက်အပံ့တွေ ပံ့ပိုးခဲ့တဲ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်လည်း ဆက်လက်ထောက်ပံ့ဖို့ အဆင်သင့်ရှိတယ်လို့ ရှီက ပြောသွားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံအခြေအနေ၊အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်စုစည်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုတို့အပြင် ပြည်တွင်းနိုင်ငံရေးအစီအစဉ်ကို ပုံမှန်ရှေ့တိုးဆောင်ရွက်နေတာကို တရုတ်နိုင်ငံက ထောက်ခံသွားမယ်လို့လည်း ရှီက ပြောခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံစိတ်ချရမှုကို ခိုင်မာစွာဆောင်ရွက်သွားမယ်လို့ ယုံကြည်တယ်ဆိုတာပြောခဲ့ပြီး အွန်လိုင်းလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတို့လို နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုးမြှင့်တိုက်ခိုက်နှိမ်နင်းသွားမယ်လို့လည်း ရှီက ပြောသွားခဲ့ပါတယ်။
Ref- Xinhua



