




၈. ၅. ၂၀၂၅
Written by Thettant
ချန်ပီယံလိဂ်မရဖူးတဲ့ အာဆင်နယ်နဲ့ PSG တို့ ဖိုင်နယ်တက်ရေး ယှဥ်ပြိုင်ကြတဲ့ ဒီမနက်မှာ MT News ခန့်မှန်းမှုအတိုင်း ဇွန်လ ၁ ရက် ယှဥ်ပြိုင်ကစားမှု ချန်ပီယံလိဂ်ဖိုင်နယ်ဆီကို PSG က အာဆင်နယ်အပေါ် နှစ်ကျော့စလုံး အနိုင်ယူ တက်လှမ်းသွားခဲ့ပါပြီ။
ပထမပိုင်း ဆယ်မိနစ်လောက်မှာ အာဆင်နယ်ဟာ အိမ်ကွင်းမှာ တစ်ဂိုးရှုံးခဲ့တာကို ချေပနိုင်ဖို့ အပြင်းအထန် အားထုတ်ခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာ့အဆင့်ဂိုးသမား ဒွန်နာရမ်မာ ကောင်းလွန်းခဲ့သလို အာဆင်နယ်ဟာ ဖိုင်နယ်တက်ဖို့ ကံမပါတာကြောင့် ဆယ်မိနစ်နောက်ပိုင်းဟာ PSG အလှည့်ဖြစ်သွားပါတယ်။ ဆာကာကိုထိန်းထားလိုက်ရင် အာဆင်နယ်ဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ ကြေညက်ခဲ့တဲ့ အန်းနရစ်ကြောင့် ဆာကာဟာ အပိုင်အခွင့်အရေးတွေ မရခဲ့သလို အာဆင်နယ်ရဲ့ ကန်သွင်းမှုတွေကလည်း ဒွန်နာရမ်မာကို မကျော်နိုင်ပြန်ပါဘူး။
ပထမပိုင်းဆယ်မိနစ်အလွန်ကစ စည်းချက်ညီလာတဲ့ PSG ဟာ မက်ဆီ၊ နေမာ၊ ဘာပေတို့လို့ ဆယ်လီတွေ GOAT တွေမရှိတော့မှ ချန်ပီယံလိဂ်ယူပြမယ်လို့ တွေးထားပုံနဲ့ အာဆင်နယ်ကို လှုပ်မရအောင်လုပ်လာနိုင်တာရဲ့ အကျိုးဆက်အဖြစ် ဒီကလန်ရိုက်စ်ကြောင့် ရတဲ့ ပြစ်ဒဏ်ဘောကို ကန်သွင်းရာကနေ ပြန်ကျလာတာကို ဖာဘီယန်ရုဇ်က ၁၈ ကိုက်စည်းထိပ်နားကနေ မြေမကျကန်သွင်းသွားလိုက်လို့ အာဆင်နယ်အဖို့ ကောင်းရှုံးကြီးဖြစ်ပြီး ဖိုင်နယ်အိပ်မက်ဟာ နှစ်ကျော့ပေါင်း တူးဇီးနဲ့ ဝေဝါးသွားခဲ့ပါတယ်။
အိမ်ကွင်းမှာလည်းရှုံး အဝေးကွင်းမှာလည်း မနိုင်တဲ့အာဆင်နယ်တို့ အိမ်ရှင်ကို ဦးဆောင်ဂိုးပေးလိုက်ရတဲ့နောက်မှာ ဂိုးပြန်သွင်းဖို့ကြိုးစားပေမဲ့ အဆင်ပြေမနေခဲ့ဘဲ ကံခေလိုက်၊ ဂိုးပေါက်လွဲလိုက်၊ ဒွန်နာရမ်မာကို မကျော်နိုင်လိုက်နဲ့ တိုင်ပတ်နေသလို PSG အဖို့လည်း ဆီမီးဖိုင်နယ်မှာ လာဆုံတဲ့ အာဆင်နယ်က အလွယ်တကူဂိုးသွင်းလို့ရတဲ့အသင်းမဟုတ်လို့ အကြိတ်အနယ်ဖြစ်နေချိန် ပွဲကစားချိန် ၆၅ မိနစ်မှာ ဟာကီမီကန်သွင်းတာကို လူဝစ်စကယ်လီ ခြေမြှောက်လက်မြှောက်တားတာမှာ လက်နဲ့ထိသွားတာကြောင့် Var Check ပြီး အာဆင်နယ်တို့ ပင်နယ်လ်တီပေးခံခဲ့ရပြန်ပါတယ်။
PSG တို့ ပင်နယ်လ်တီရပေမဲ့ ဗီတင်ဟာက ရာယာရဲ့ ဘယ်ဘက်ကို ကန်ချက်ပျော့ပျော့နဲ့ကန်ခဲ့လို့ ကာကွယ်သွားတာကြောင့် တော်သေးတယ်လို့ တွေးနေချိန်မှာပဲ ဟာကီမီက ၇၂ မိနစ်မှာ ၁၈ ကိုက်စည်းထိပ်နားကနေ ဒုတိယဦးဆောင်ဂိုးထပ်ပြီး သွင်းယူပြန်ပါတယ်။ နှစ်ကျော့ပေါင်း သရီးဇီးမို့ အာဆင်နယ် ပြန်မလာတော့ဘူးလားတွေးနေချိန်မှာ အာဆင်နယ်ဂိုးရသွားပြီး ဒီဂိုးကတော့ PSG နောက်ခံလူဖျက်တာက အသေလူကပ်ခံထားရတဲ့ ဆာကာဆီရောက်သွားလို့ ၇၆ မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်တာကြောင့် အာဆင်နယ်ဟာ သုံးမိနစ်မန်ယူလို ဖာဂီတိုင်းမ်တွေနဲ့ Epic Comeback တွေ လုပ်ပြမလား ရင်ဖိုစရာကြုံခဲ့ရပေမဲ့ အာဆင်နယ်ဟာ မန်ယူမဟုတ်တော့ ဒုတိယအကျော့မှာလည်း အာဆင်နယ် ၂ ဂိုး ၁ ဂိုးနဲ့ ထပ်ရှုံးပြီး ချန်ပီယံလိဂ်ကို ဆီမီးဖိုင်နယ်ကပဲ တာ့တာပြခဲ့ရပါတယ်။
ဒီနေ့ပွဲအနိုင်ရခဲ့တဲ့ PSG တို့ဟာ ချန်ပီယံလိဂ်ရဖို့ မက်ဆီ၊ နေမာ၊ ဘာပေတို့နဲ့ တည်ဆောက်ထားချိန်က ဖိုင်နယ်တောင် မတက်ခဲ့ရဘဲ လူးဝစ်အင်းနရစ်ရဲ့ အသင်းလိုက်စုစည်းအားကြောင့်ပဲ ဗိုလ်လုပွဲတက်လှမ်းခဲ့တာဖြစ်ပြီး ဇွန်လ ၁ ရက်မှာတောင် ကောင်းလွန်းပါတယ်ဆိုတဲ့ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ခုနစ်ဂိုးသွင်းခဲ့တဲ့ အင်တာနဲ့ အပြိုင်နွှဲရမှာဖြစ်ပြီး ဒီတစ်နှစ်ရဲ့ ချန်ပီယံလိဂ်ချန်ပီယံဟာ လီဗာပူးလိုအသင်းမျိုးကို ဖြုတ်ချလာခဲ့တဲ့ PSG ဖြစ်သွားမလား ဆိုတာကတော့….။
