◾ အိန္ဒိယဝန်ခံသကဲ့သို့ ဂျက်လေယာဉ်သုံးစင်းမကဘဲ ငါးစင်းအထိပစ်ချနိုင်ခဲ့ဟု ပါကစ္စတန်က ဆို
၈.၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေက မေလ ၇ ရက် နံနက်အစောပိုင်းနာရီတွေမှာ ဆင်ဒူးစစ်ဆင်ရေးကို ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက်သမား ၈၀ ကျော်ကို ၂၅ မိနစ်အချိန်အတွင်းမှာပဲ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ပြောခဲ့ပါတယ်။ အိန္ဒိယအစိုးရက စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်မှုတွေကို ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေးသတင်းတွေအရ ပစ်မှတ်တွေကို ရွေးချယ်ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဆင်ဒူးစစ်ဆင်ရေးမှာ သတ်ဖြတ်နိုင်ခဲ့တဲ့ အကြမ်းဖက် ၈၀ ကျော်က Jaish-e-Mohammed(JeM), Lashkar-e-Taiba(LeT) နဲ့ Hizbul Mujahideen အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်အဖွဲ့တွေက ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ တိုက်ခိုက်မှုမှာ အကြမ်းဖက်တို့နေထိုင်ရာနေရာတွေ၊ လေ့ကျင့်ရေးစခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်ကိုးခုမှာ လေးခုက ပါကစ္စတန်နိုင်ငံအတွင်းပိုင်းမှာ ဖြစ်ပြီး ငါးခုက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်းမှာလို့လည်း သိရပါတယ်။
အိန္ဒိယအာဏာပိုင်တွေက စစ်ဆင်ရေးတိုက်ခိုက်မှုတွေမှာ လေတပ်က ပြင်သစ်လုပ် Rafale ဂျက်တိုက် လေယာဉ်သုံးစင်းဆုံးရှုံခဲ့ရတယ်လို့ မေလ ၇ ရက်က ဝန်ခံပြောကြားခဲ့ကြပါတယ်။ ဒါပေမယ့် ပါကစ္စတန်လေတပ်ကတော့ အိန္ဒိယဘက်ကပြောသလို သုံးစင်းမကဘဲ စစ်လေယာဉ်ငါးစင်းအထိပစ်ချနိုင်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
ဒါ့ပြင် ထိန်းချုပ်ရေးလိုင်းအနီးမှာရှိတဲ့ အိန္ဒိယရဲ့ အမှတ် ၁၂ ခြေမြန်တပ်မဟာဌာနချုပ်ကို ပါကစ္စတန်တပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ပါကစ္စတန်စစ်တပ်သတင်းအရင်းအမြစ်တွေက ပြောခဲ့တယ်လို့ မေလ ၈ ရက်သတင်းတွေက ဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှရစ်ဖ်က မေလ ၇ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းပွဲတစ်ရပ်မှာ အိန္ဒိယအနေနဲ့ ခုလို သူရဲဘောကြောင်တဲ့တိုက်ခိုက်မှုအတွက် အကျိုးဆက်တွေကို ခံစားရမယ်လို့ သတိပေးခဲ့ပါတယ်။
Ref- India Today, Samaa News


