၂၄.၇.၂၀၂၆
Written by Linn Eain
မန္တလေးမှ ကလေးသို့ စိတ်ကြွဆေးပြား သယ်ဆောင်ရောင်းဝယ်သူများအား စုစုပေါင်း ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၁၃ ရက်၊ ညနေ ၄ နာရီခွဲတွင် ကလေးမြို့အဝင်တွင် အောင်အောင်ထွန်း (ခ) အောင်ကြီး မောင်းနှင်လာသည့် SURF အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၆ သိန်းပြား (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်း၏ဖော်ထုတ်ချက်အရ ဇူလိုင် ၁၄ ရက်တွင် ကလေးမြို့ တာဟန်းရပ်ကွက်တွင် အဆိုပါ စိတ်ကြွဆေးပြားများအား လက်ခံယူရန် ချိတ်ဆက်စောင့်ဆိုင်းနေသည့် ထောင်းရှင်းခိုင်ကို PRADO အမျိုးအစား ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မကျင်းဆန်းညောင်(ခ)မဉာဏ်(ခ)စန်းစန်း(ခ)မညောင်အား ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိနေအိမ်တွင်လည်းကောင်း ဆက်လက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် စိတ်ကြွဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဇော်လတ်နှင့် မနွယ်နီလွင်တို့နှစ်ဦးကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂) ရေချမ်းအိုးရပ်ကွက်ရှိ တည်းခိုခန်းတွင် ဇူလိုင် ၁၇ ရက်၊ နံနက် ၃ နာရီတွင် လည်းကောင်း၊ လှိုင်သလွန်း(ခ)ပါးတွောင်အား ကလေးမြို့ တာဟန်းရပ်ကွက်နယ်မြေ(၁၀)ရှိ နေအိမ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဖော်ထုတ်ချက်အရ ဇူလိုင် ၁၇ ရက်၊ နံနက် ၆ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်ရှိ နေအိမ်မှ ဇော်ဇော်လတ်နှင့်မနွယ်နီလွင်တို့ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၉ ဒသမ ၆ သိန်းပြား (၎င်းဒေသတန်ဖိုးငွေ ကျပ် ၁ ဒသမ ၄၄ ဘီလီ ယံ) ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ထန်လမ့်ကျင့်အား အမရပူရမြို့နယ် ဆောက်တောဝရွာရှိ ဂိုဒေါင်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်အတွင်း စုစုပေါင်း ငွေကျပ် ၂ ဒသမ ၉၄ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွဆေးပြား ၁၅ ဒသမ ၆ သိန်းပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား မန္တလေးမှကလေးသို့ အဓိကသယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် ကလေးမြို့နယ် ကန်ကြီးရွာနေ မစုမွန်လွင်(ခ)စုလေး(ခ)မစု (ဖမ်းဆီးရန်ကျန်)နှင့် လားရှိုးမြို့ ရပ်ကွက် (၄) နေ အောင်ကျော်ဦး (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရသည်။
ယခု မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကွင်းဆက်တစ်ခုလုံးတွင် ဖမ်းဆီးထားသူများနှင့် ဖမ်းဆီးရန်ကျန်သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
