သက်တံ့
၂၄. ၇. ၂၀၂၆
နိုင်ငံတကာ ပညာရေးကဏ္ဍ (International Education Sector) တွင် အလွန်ယုံကြည်စိတ်ချရပြီး သြဇာရှိသည့် ပညာရေးအထူးပြုသတင်းဌာနတစ်ခုဖြစ်သည့် The PIE (Professionals in International Education) News ၏ ဖော်ပြချက်အရ ဗြိတိန်အစိုးရ၏ ကျောင်းသားဗီဇာ ပိတ်ပင်မှုကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံများမှ နိုင်ငံတကာကျောင်းသားများအတွက် ဗြိတိန်တက္ကသိုလ် ၉ ခုသည် Mosaik Education အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) နှင့် ပူးပေါင်း၍ အဝေးသင် မဟာဘွဲ့/လွန်ဘွဲ့ သင်တန်း တက်ရောက်နိုင်သည့် ပညာသင်ဆု အခွင့်အလမ်းများကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အဆိုပါ တက္ကသိုလ်များသည် အသစ်စတင်လိုက်သည့် Mosaik Scholarship အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လအတွင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက “ဗီဇာထိန်းချုပ်မှု (Visa Brake)” စတင်ကျင့်သုံးခဲ့ပြီးနောက် အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆူဒန်နှင့် ကင်မရွန်းနိုင်ငံတို့မှ ကျောင်းသားများအတွက် ဗြိတိန် မဟာဘွဲ့/လွန်ဘွဲ့ ပညာရေးဆီသို့ အခြားသော လမ်းကြောင်းများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဗြိတိန်အစိုးရသည် နိုင်ငံတကာကျောင်းသားများ၏ ခိုလှုံခွင့်တောင်းခံမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပြီးနောက် အဆိုပါ ၄ နိုင်ငံမှ ကျောင်းသားဗီဇာ လျှောက်ထားမှုများကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် ယခင်က အဆိုပါ ၄ နိုင်ငံမှ ကျောင်းသား ၅၀ ခန့် နှစ်စဉ် ဗြိတိန်နိုင်ငံသို့ သွားရောက်ကာ မဟာဘွဲ့/လွန်ဘွဲ့များ သင်ယူနိုင်ခဲ့သည့် Chevening အပါအဝင် ဗြိတိန်တက္ကသိုလ်များတွင် လူကိုယ်တိုင် တက်ရောက်ရသည့် ပညာသင်ဆုများကိုလည်း ရယူခွင့် ဆုံးရှုံးခဲ့ရသည်။
The PIE News ၏ ဖော်ပြချက်အရ ယခု အစီအစဉ်တွင် ပါဝင်သည့် တက္ကသိုလ်များမှာ King’s College London၊ University of London၊ University of Leicester၊ University of Northampton၊ University of St Andrews၊ Cardiff University၊ Birkbeck, University of London၊ University of Salford နှင့် Aberystwyth University တို့ဖြစ်ကြပြီး Higher Ed Partners UK နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
သင်တန်းများအားလုံးကို အွန်လိုင်း သို့မဟုတ် နယ်စပ်ဖြတ်ကျော် ပညာရေး (Transnational Education – TNE) လမ်းကြောင်းများမှတစ်ဆင့် သင်ကြားပေးမည်ဖြစ်ရာ ယင်းသည် ဗီဇာပိတ်ပင်ခံထားရသည့် နိုင်ငံများမှ ကျောင်းသားသစ်များအတွက် ဗြိတိန်ဘွဲ့ ရရှိနိုင်မည့် လက်ရှိ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို Mosaik Education က ဦးဆောင်သည့် Global Response Platform မှတစ်ဆင့် ပေါင်းစပ်ညှိနှိုင်း ပေးနေခြင်းဖြစ်ပြီး ဗြိတိန်တက္ကသိုလ်များနှင့် စစ်ဘေးဒုက္ခသည်/ အကျပ်အတည်းကြုံတွေ့နေရသည့် ကျောင်းသားများကို ကူညီပေးနေသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ချိတ်ဆက်ပေးထားသည်။ ယင်း ပလက်ဖောင်းသည် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသားများကို ရွေးချယ်နိုင်ရန် UNHCR India၊ Prospect Burma နှင့် ကင်မရွန်းနိုင်ငံမှ Open Dreams အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။
လက်ရှိအချိန်အထိ ရန်ပုံငွေထောက်ပံ့ပေးထားသည့် ပညာသင်ဆု ၁၉ နေရာ ရရှိထားပြီးဖြစ်ကာ ယခုနှစ်နှောင်းပိုင်းတွင် နောက်ထပ် တက္ကသိုလ်များ ပါဝင်လာရန် မျှော်လင့်ထားသဖြင့် စုစုပေါင်း ကျောင်းသား ၅၀ ခန့်ကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားသည်။
Mosaik Education ၏ အမှုဆောင်အရာရှိချုပ် (CEO) Ben Webster က အစဉ်အလာ ပညာရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့်အခါ တက္ကသိုလ်များအနေဖြင့် မည်သို့ ပူးပေါင်းတုံ့ပြန်နိုင်သည်ကို ယခု ပူးပေါင်းဆောင်ရွက်မှုက ပြသနေသည်ဟု ပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆူဒန်နဲ့ ကင်မရွန်းနိုင်ငံက ကျောင်းသားတွေအတွက် ဗြိတိန် ပညာသင်ဆုဆိုတာ ပဋိပက္ခတွေကြောင့် တက်လက်စ ပညာရေး ရပ်တန့်ခဲ့ရတာကို ဆက်လက်သင်ယူနိုင်ဖို့ ရှိခဲ့တဲ့ နည်းလမ်းအနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ ဗီဇာပိတ်ပင်မှုက သူတို့အတွက် ဒီလမ်းကြောင်းကို ပိတ်လိုက်တာပါ။ ဗြိတိန်တက္ကသိုလ်တွေဟာ ဗြိတိန်ပြင်ပက ကျောင်းသား ၆၅၀,ဝဝဝ ကျော်ကို သင်ကြားပေးနေတာဖြစ်လို့ ဒီကျောင်းသားတွေဆီ ရောက်ရှိဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ သင်ကြားရေးစနစ်တွေက အမြဲတမ်း ရှိပြီးသားပါ။ လိုအပ်နေခဲ့တာက ဒီကဏ္ဍတစ်ခုလုံး စုစည်းပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု Webster က ပြောခဲ့သည်။
Mosaik Education သည် အွန်လိုင်း သို့မဟုတ် နယ်စပ်ဖြတ်ကျော်ပညာရေး အစီအစဉ်များရှိသည့် ဗြိတိန်တက္ကသိုလ်များကို ယခု အစီအစဉ်တွင် ပိုမိုပါဝင်ကြရန်နှင့် ထပ်ဆောင်း ပညာသင်ဆု နေရာများ ပံ့ပိုးပေးကြရန် တိုက်တွန်းလျက် ရှိသည်။
ဗြိတိန်သို့ ရောက်ရှိလာပြီးနောက် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည့် အဆိုပါ ၄ နိုင်ငံမှ နိုင်ငံတကာကျောင်းသား ရာခိုင်နှုန်းနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိလာသဖြင့် ဗြိတိန်အစိုးရသည် မတ်လတွင် “ဗီဇာထိန်းချုပ်မှု” ကို စတင်ကျင့်သုံးခဲ့ပြီး အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆူဒန်နှင့် ကင်မရွန်းတို့မှ ကျောင်းသားဗီဇာ လျှောက်ထားမှုများကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါ အရေးယူဆောင်ရွက်မှုကြောင့် ယခင်က အဆိုပါ ၄ နိုင်ငံမှ ကျောင်းသား ၅၀ ခန့်ကို ဗြိတိန်တွင် မဟာဘွဲ့/လွန်ဘွဲ့ တက်ရောက်နိုင်အောင် ပံ့ပိုးပေးခဲ့သည့် Chevening အပါအဝင် ဗြိတိန်တက္ကသိုလ်များတွင် လူကိုယ်တိုင်တက်ရောက်ရသည့် ပညာသင်ဆုများကို ရယူခွင့် ပိတ်ပင်ခံခဲ့ရသည်။ ရလဒ်အနေဖြင့် အွန်လိုင်းနှင့် နယ်စပ်ဖြတ်ကျော် ပညာရေးတို့သည် အဆိုပါ နိုင်ငံများမှ ကျောင်းသားသစ်များအတွက် ဗြိတိန်ဘွဲ့ ရရှိနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းများ ဖြစ်လာခဲ့သည်။
Ref : The Economic Times
