သက်တံ့
၂၄. ၇. ၂၀၂၆
တရုတ်နိုင်ငံသည် လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်သည့် ၂၀၂၆ ကမ္ဘာ့ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (Global Public Security Cooperation Forum) ညီလာခံတွင် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်းများ အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံတကာမဟာမိတ်အဖွဲ့တစ်ခုကို စတင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ပါဝင်ရန် နိုင်ငံပေါင်း ၄၀ ကျော်က ဆန္ဒပြုထားပြီးဖြစ်ကြောင်း ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး ကျန်းဂေါ်လီ (Jiang Guoli) က သောကြာနေ့ (ဇူလိုင် ၂၄ ရက်) တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရက စတင်ဦးဆောင်သည့် ယခု မဟာမိတ်အဖွဲ့သည် ပါဝင်သည့်နိုင်ငံများမှ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ ပါဝင်သော အစိုးရချင်းချိတ်ဆက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာမည်ဖြစ်ကာ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို နှိမ်နင်းရာတွင် ကျွမ်းကျင်နည်းပညာများ ပံ့ပိုးပေးခြင်းနှင့် စစ်ဆင်ရေးများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ ဆောင်ရွက်သွားမည်ဟု ကျန်းက ပြောသည်။
အဆိုပါ မဟာမိတ်အဖွဲ့သည် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် အကျိုးကျေးဇူးများကို အတူတကွ မျှဝေခြင်းဆိုင်ရာ မူများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ဘုံသဘောတူညီချက်များ တည်ဆောက်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းကို မြှင့်တင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် လှုပ်ရှားနေသည့် လိမ်လည်ဂိုဏ်းများကို စံချိန်စံညွှန်းမီ ပူးပေါင်းစစ်ဆင်ရေးများဖြင့် ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည့် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပူးပေါင်းဖြေရှင်းရန် အခြားနိုင်ငံများကိုလည်း ယခု မဟာမိတ်အဖွဲ့သို့ ပါဝင်ကြပါရန် တရုတ်နိုင်ငံက ဖိတ်ခေါ်ထားကြောင်း၊ ယင်းကမ်းလှမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကောင်းမွန်စွာ တုံ့ပြန်ခဲ့ကြပြီး အဖွဲ့အစည်း စတင်ဖွဲ့စည်းနိုင်ရေး ကူညီရန် နိုင်ငံပေါင်း ၄၀ ကျော်က ဆန္ဒပြုထားကြောင်း ကျန်းက ဆိုသည်။
တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ခြင်းကို တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်သောက် အမျိုးသား ပြည်သူ့လုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (၂၀၂၆-၂၀၃၀) တွင်လည်း ဦးစားပေးကဏ္ဍအဖြစ် ထည့်သွင်းထားသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အဓိက လိမ်လည်မှုစခန်း (ကျားဖြန့်) အများစုမှာ လက်ရှိတွင် ပြည်ပ၌ အခြေစိုက်နေသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ဒုစရိုက်ဂိုဏ်းများ၏ ဖွဲ့စည်းပုံ၊ ငွေကြေးထောက်ပံ့သူများ၊ အဓိကအဖွဲ့ဝင်များနှင့် လှုပ်ရှားဆောင်ရွက်သည့် ပုံစံများကို ပိုမိုအသေးစိတ် သုတေသနပြု စုံစမ်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် လက်ရှိ တရားဥပဒေစိုးမိုးရေး မူဘောင်များနှင့် ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မဟာမိတ်အဖွဲ့ကို အသုံးပြု၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ ယင်းကဲ့သို့သော ပြစ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် ထိန်းချုပ်ကွပ်ကဲခြင်းတို့ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဟု ကျန်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံသည် စပိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်နှင့် နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများ တိုက်ဖျက်ရေး နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျန်း၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့အကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးရှိ လိမ်လည်မှုစခန်းကြီးများကို အရှိန်အဟုန်မြှင့် အရေးယူဆောင်ရွက်နိုင်ခဲ့ရာ လိမ်လည်မှု သံသယရှိသူ ၅၉,၀၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးများဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသရှိ ထင်ရှားသည့် ဒုစရိုက်ဂိုဏ်းကြီး ၄ ခုကို ချေမှုန်းနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ် အစောပိုင်းတွင် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် ဝန်ကြီးအဆင့် ပေါင်းစပ်ညှိနှိုင်းရေး မူဘောင်တစ်ခုကို ထူထောင်ခဲ့သည်။ ယင်းနောက် သုံးနိုင်ငံ ပူးပေါင်း၍ မြဝတီဒေသရှိ လိမ်လည်မှု ပြစ်မှုများကို ပစ်မှတ်ထားကာ အထူးစစ်ဆင်ရေးများ စတင်ခဲ့သည်။ ယင်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်နှင်ဒဏ်ပေးသည့် စစ်ဆင်ရေး ၁၀ ကြိမ်တိုင် ဆောင်ရွက်နိုင်ခဲ့ပြီး မြဝတီရှိ KK Park လိမ်လည်မှုစခန်းမှ အဆောက်အအုံ ၆၃၀ ကျော်ကို ဖြိုဖျက်နိုင်ခဲ့သည်။
ယခုနှစ်ဆန်းပိုင်းမှစတင်၍ တရုတ်၊ အမေရိကန်နှင့် UAE ရဲတပ်ဖွဲ့တို့သည် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများကို ပထမဆုံးအကြိမ် ပူးပေါင်းတရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စစ်ဆင်ရေးတွင် လိမ်လည်မှုစခန်း ၉ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး သံသယရှိသူ ၂၇၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ပြီး လိမ်လည်မှုစခန်းများကို စစ်ဆင်ရေးများပြုလုပ်ကာ အဓိက ဒုစရိုက်ဂိုဏ်းကြီးများမှ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင် အများအပြားကို ဖမ်းဆီးနိုင်ခဲ့သည်။
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် လိမ်လည်မှု သံသယရှိသူ ၂၀,၀၀၀ ကျော်ကို ဖမ်းဆီး၍ ပြည်နှင်ဒဏ် ပေးနိုင်ခဲ့ကြောင်း ကျန်းက ပြောခဲ့သည်။
ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မဟာမိတ်အဖွဲ့သည် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ဆက်သွယ်ရေးကို မြှင့်တင်ခြင်း၊ သတင်းအချက်အလက် လဲလှယ်မှုကို တိုးချဲ့ခြင်းနှင့် ပူးပေါင်းစုံစမ်းစစ်ဆေးရေးနှင့် အရေးယူဆောင်ရွက်မှုများ၏ ထိရောက်မှုကို တိုးမြှင့်ခြင်းဖြင့် ယခုစစ်ဆင်ရေးများကို ပိုမိုအားကောင်းလာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : China Daily
