သက်တံ့
၂၄. ၇. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ San Juan ကျွန်းစုရှိ Sucia ကျွန်းအနီးတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက လေယာဉ်မှူးအပါအဝင် လူ ၁၁ ဦး လိုက်ပါလာသည့် Kenmore Air လေကြောင်းလိုင်းပိုင် ရေပြင်ဆင်းလေယာဉ် (Seaplane) တစ်စီး သမုဒ္ဒရာရေပြင်အတွင်း ပျက်ကျခဲ့ပြီးနောက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနပေါင်းစုံ ပါဝင်ဆောင်ရွက်ခဲ့ရာ လေယာဉ်ပေါ်ပါသူ အားလုံး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် ဆီးအေးတဲလ်မြို့ရှိ Lake Union မှ ဒေသစံတော်ချိန် မွန်းလွဲ ၄:၃၀ နာရီတွင် ထွက်ခွာခဲ့ပြီး မိုင် ၁၀၀ ခန့် အကွာအဝေးရှိ Roche သင်္ဘောဆိပ်သို့ ဦးတည်ပျံသန်းစဉ် ပျံသန်းပြီး ၄၅ မိနစ်ခန့်အကြာ Shallow Bay အနီး ရေပြင်အတွင်းသို့ အရေးပေါ် ဆင်းသက် ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်ဝန်းကျင်တွင် ရေဒီယိုနှင့် မိုးလေဝသ အခြေအနေများမှာ လေပြင်းတိုက်ခတ်နေပြီး တောင်ဘက်မှ တိုက်ခတ်သော မြေပြင်လေတိုးနှုန်းမှာ တစ်နာရီ မိုင် ၂၀ ရှိကာ မိုးဖွဲများ ရွာသွန်းနေကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှု သတင်းရရှိပြီးနောက် အမေရိကန် ကမ်းခြေစောင့်တပ်က ဦးဆောင်၍ အမေရိကန် ရေတပ်၊ ကနေဒါ ကမ်းခြေစောင့်တပ်၊ San Juan ခရိုင် ရဲမှူးရုံး၊ Orcas Island၊ San Juan Island နှင့် Lopez Island မီးသတ်နှင့် ကယ်ဆယ်ရေး အဖွဲ့များ အပါအဝင် ဒေသတွင်း အေဂျင်စီများ ပါဝင်သော ရှာဖွေကယ်ဆယ်ရေး ယန္တရားများကို ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် ချက်ချင်း စတင်ဆောင်ရွက်ခဲ့သည်။
အရေးပေါ် ညွှန်ကြားချက် အသံဖိုင်များအရ ကယ်ဆယ်ရေး ရေယာဉ် အများအပြား၊ အမေရိကန် ကမ်းခြေစောင့်တပ်မှ ဟာရီကိန်း ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စီးနှင့် ကနေဒါ ကမ်းခြေစောင့်တပ်မှ လေအိတ်စက်လှေ (Hovercraft) တစ်စီးတို့ ပါဝင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
လေယာဉ်ပေါ်တွင် လေသူရဲ တစ်ဦးနှင့် ခရီးသည် ၁၀ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့နှင့် လေကြောင်းလိုင်းတို့က အတည်ပြုခဲ့သော်လည်း ကယ်ဆယ်ရေး အစောပိုင်း ကာလများ၌ လိုက်ပါသူ အရေအတွက် အနည်းငယ် ကွဲလွဲမှုများ ရှိခဲ့သည်။
လေယာဉ်ပေါ်ပါသူ အားလုံး၏ အခြေအနေကို စုံစမ်းသိရှိ ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည် ၄ ဦးမှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသည်။ San Juan ခရိုင် ရဲမှူး Eric Peter ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသူများတွင် ခေါင်းဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများ ပါဝင်ပြီး ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် ခရီးသည် နှစ်ဦးကို Bellingham ရှိ ဆေးရုံသို့လည်းကောင်း၊ အခြား နှစ်ဦးကို ဆီးအေးတဲလ်ရှိ ဆေးရုံသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသည့် ခရီးသည် ၇ ဦးကိုမူ ပိုမို အသေးစိတ် စစ်ဆေးနိုင်ရန် အမေရိကန် ကမ်းခြေစောင့်တပ် စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
Kenmore Air ၏ CEO David Gudgel က “လေယာဉ်ပေါ်ပါသူ အားလုံးရဲ့ အခြေအနေကို စုံစမ်းသိရှိ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ကျနော်တို့ရဲ့ လတ်တလော အဓိက အာရုံစိုက်မှုကတော့ ခရီးသည်တွေနဲ့ လေသူရဲတို့ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကူညီပံ့ပိုးမှုတွေ ရရှိစေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းရင်း သို့မဟုတ် အရေးပေါ် ဆင်းသက်ခဲ့ရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ တိကျစွာ မသိရသေးပေ။
Kenmore Air အနေဖြင့် အမေရိကန် ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ (FAA) နှင့် စုံစမ်းစစ်ဆေးရေး အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး အတည်ပြုချက်ရရှိသည့် သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။
Ref: CNN & Times Now
