၂၄.၇.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာထူးမှဖြုတ်ချခံရပြီး ပြည်ပကိုထွက်ပြေးနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ မိတ်ဟောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ သူ့ရဲ့သက်တမ်းတစ်ဝက်ခန့်မှာပဲ ဇူလိုင်လ ၂၄ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၂၃ ရက်မှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဟာစီနာကို တရားရုံးက မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ လက်နက်ချဖို့ ပြည်ပကပြန်လာမယ်လို့ ဟာစီနာက ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် သမ္မတက ခုလိုပြောခဲ့တာပါ။
သမ္မတ မိုဟာမက် ရှာဟာဘူဒင် နုတ်ထွက်သွားမယ်ဆိုရင် နိုင်ငံကို ပြန်လာမယ်ဆိုတဲ့ ဟာစီနာအဖို့ သူမရဲ့စီစဉ်ထားတဲ့ ပြန်လာမှုမတိုင်မီ ငါးလအလိုမှာ ထိပ်တန်းရာထူးတွေမှာ မဟာမိတ်တွေမရှိဘဲ ကျန်ရစ်စေမှာပါ။ သူမရဲ့ အဝါမီပါတီကိုလည်း ပိတ်ပင်ခံထားရပြီး ၂၀၂၄ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုမှာ အသက်ဆုံးရှုံးစေမှုတွေကြောင့် သူမရဲ့ အစိုးရကို ဖြုတ်ချပြီးကတည်းက ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြားဟာ ထောင်ချခံရတာ ဒါမှမဟုတ် ပုန်းအောင်းနေခဲ့ကြရပါတယ်။
ရှာဟာဘူဒင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရာထူးကနေ နုတ်ထွက်ရတဲ့ အကြောင်းရင်းကို မပြောပြခဲ့ပေမယ့် ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် သုံးဦးကတော့ ဝန်ကြီးချုပ်ဟောင်းက ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားဖို့ စီစဉ်ထားတယ်လို့ Reuters သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ကြေညာပြီးနောက် ဟာစီနာနဲ့ ရှည်လျားတဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် အစိုးရက သူ့ကို ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခဲ့တယ်လို့ ပြောပါတယ်။
ဟာစီနာပြန်လာတာဟာ နှစ်နစ်ကြာ မငြိမ်မသက်မှုတွေ အပြီးမှာ အဓိက အဝတ်အထည် တင်ပို့တဲ့ စီးပွားရေးရှိတဲ့ လူဦးရေ ၁၇၃ သန်းရှိ မွတ်စလင်အများစုနိုင်ငံမှာ တည်ငြိမ်မှုကို ပြန်လည်ထူထောင်ဖို့ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို စမ်းသပ်ရာရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် တာရစ် ရာမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်ရာဇဝတ်မှုတရားရုံးက ဟာစီနာကို ကုလသမဂ္ဂ အစီရင်ခံစာအရ အုံကြွမှုကို နှိမ်နင်းရန် အမိန့်ပေးမှုအတွက် လူပေါင်း ၁,၄၀၀ နီးပါး သေဆုံးခဲ့ရမှုကြောင့် မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ပြည်ပကိုရောက်ရှိနေတဲ့ ဟာစီနာ ကတော့ သူမအပေါ် စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
ဒီနောက် ဟာစီနာ ပြည်ပမှ ပြန်လာဖို့ စီစဉ်နေတဲ့ဆိုတဲ့ သတင်းကြောင့် ရာမန်၏ အစိုးရအပေါ် သူမရဲ့ မဟာမိတ်တွေထဲမှ နောက်ဆုံးတစ်ဦးဖြစ်တဲ့ သမ္မတ မိုဟာမက် ရှာဟာဘူဒင်ကို အဆင့်မြင့်ရာထူးမှ ဖယ်ရှားဖို့ လူထုဖိအားတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
သမ္မတရှာဟာဘူဒင်ရဲ့ အခန်းကဏ္ဍက အများအားဖြင့် အခမ်းအနားလုပ်ထုံးလုပ်နည်း ပုံစံဖြစ်ပြီး အုပ်ချုပ်ရေးအာဏာက ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ မှာပဲ ရှိပါတယ်။
အသက် ၇၆ နှစ်အရွယ် ရှာဟာဘူဒင်ဟာ အခုအခါ ပိတ်ပင်ခံထားရတဲ့ ဟာစီနာရဲ့ အဝါမီလိဂ်ပါတီက အမည်စာရင်းတင်သွင်းသူအဖြစ် ၂၀၂၃ ခုနှစ်မှာ ငါးနှစ်သက်တမ်းအတွက် ပြိုင်ဘက်မရှိဘဲ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။
သူက ဇူလိုင်လ ၂၄ ရက် ရာထူးမှနုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ရာမန်ကို အသိပေးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ သိရပါတယ်။ ကိစ္စရပ်ရဲ့ထိလွယ်ရှလွယ်မှုကြောင့် သတင်းရင်းမြစ်သုံးခုစလုံးက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဟာစီနာက သူမနဲ့ပါတီအကြီးတန်းလုပ်ဖော်ကိုင်ဖက်တွေဟာ ဒီဇင်ဘာလဝန်းကျင်မှာ ပြည်ပမှပြန်လာဖို့ စီစဉ်နေတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ပိတ်ပင်ခံရခြင်းမပြုမီ အဝါမီလိဂ်ပါတီက ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်ပြီး ထောက်ခံမှုများစွာ ရရှိထားပါတယ်။
Ref- Dhaka TriBune
