၂၄.၇.၂၀၂၆
Written By Thandar
Cloud Seven Entertainment Production က ရိုက်ကူးတင်ဆက်မယ့် ၅၂၈ ချစ်ခြင်းမေတ္တာနဲ့ ၁၅၀၀ တို့ ကြားဇာတ်လမ်းပုံစံ “မေ့လျော့ခံမေတ္တာ” Mini ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“တီတီက Cloud Seven ရုပ်ရှင်ထုတ်လုပ်ရေးက မျိုးဆက်သစ်လူငယ်တွေနဲ့အတူ မေ့လျော့ခံမေတ္တာ ဇာတ်ကားမှာပါဝင်မှာပါ။ ဇာတ်ကား ၇ ကားရိုက်မယ့်အပေါ်မှာ တီတီကတော့ မိဘမေတ္တာဖွဲ့လေးကို ရိုက်မှာပါ။ တီတီက သားသမီးနှစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ အမေတစ်ယောက်နေရာက မြင်တွေ့ရမှာပါ။ ငယ်ငယ်တုန်းက ဆင်းရဲခဲ့ပေမယ့် ကိုယ်ကကြိုးစားရုန်းကန်ပြီး ကလေးနှစ်ယောက်ကို ခွန်အားစိုက်ထုတ် ပျိုးထောင်ခဲ့ရတယ်။ ဆေးကျောင်းတက်တဲ့သူနဲ့ ပညာတတ်တွေဖြစ်လာတဲ့ပေါ့နော် အမေတစ်ယောက်ကို ဂရုမစိုက်တဲ့အကြောင်းလေးကို ပုံဖော်ရမှာပါ”လို့ သရုပ်ဆောင် ဝင်းမင်းသန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုတော့ ဆုလဲ့ယဉ်က ရေးသားထားပြီးတော့ ဒါရိုက်တာ ယမထားချိုက သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းမြတ်မင်းသန့်၊ သက်ဦးမောင်မောင်၊ ဟိန်းခန့်၊ အေဒီဦး၊ Evra၊ ရတီနန္ဒာ၊ တင်းမင်းသန်း၊ အေးသီတာစတဲ့သူတွေနဲ့ ဩဂုတ်လဆန်းမှာ ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ မေ့လျော့ခံမေတ္တာ Mini Series မှာ ထာည်ဝါဆိုတဲ့ CEO တစ်ယောက်နေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်လေးမှာ ကျွန်တော်တို့အပေါ်မှာ မေတ္တာပေးခဲ့သူတွေရှိခဲ့ကြတယ်။ ဒါတွေကို ကိုယ်တွေက မေ့လျော့နေတတ်တာကို မေတ္တာတွေကို သတိထားတတ်စေဖို့ ရိုက်ပြတာပါ။ ပရိသတ်အကြိုက်တွေ့ မယ့်ဇာတ်လေးမို့ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင်သက်ဦးမောင်မောင်က ပြောပါတယ်။
#ဘုန်းမြတ်မင်းသန့် #သက်ဦးမောင်မောင် #ဟိန်းခန့် #အေဒီဦး #ဝင်းမင်းသန်း #Evra #BhoneMyatMinThant #ThatOoMaungMaung #ADOo #WinMinThan #CloudSeven #မေ့လျော့ခံမေတ္တာ #CloudSevenEntertainmentProduction






