၂၄.၇.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုမှ တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်အား မရမ်းကုန်းခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်၍ သတ်စေအမိန့်နှင့် ထောင်ဒဏ် ၁၄ နှစ် ဇူလိုင် ၂၃ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လှိုင်မြိုနယ်ရှိ အိမ်ရာတစ်ခုအတွင်း ညနက်သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၉ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် အိပ်ခန်းထဲ အိပ်ပျော်နေသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား အောင်ကျော်စိုး(ခ) အင်ဂျင်၀ိုင် (၃၈)နှစ်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်၊ မုဒိမ်းမှုကျင်းလွန်သူ အောင်ကျော်စိုး(ခ) အင်ဂျင်၀ိုင်သည့် တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာဇာတိဖြစ်ပြီး မှတ်ပုံတင်မရှိ၊ ကြုံရာကျပန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
၎င်းကို လှိုင်မြိုမရဲစခန်းတွင် (ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့ပြီး ဇူလိုင် ၂ ရက်တွင် မရမ်းကုန်းခရိုင်တရားရုံးသို တရားစွဲတင်ပိုခဲ့ကြောင်း သိရသည်။
ထို့နောက် မရမ်းကုန်းခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် (၈၃/၂၀၂၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဇူလိုင် ၂၃ ရက်တွင် တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် (မသေမချင်းကြိုးကွင်းစွပ်၍သတ်စေ) အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် တရားခံ အောင်ကျော်စိုး(ခ) အင်ဂျင်၀ိုင်သည် အခင်းဖြစ်ပွားသည့်နေ့က အဆိုပါအိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့သဖြင့် မရမ်းကုန်းခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၅၇၊ ၃၈၀/၇၅ ဖြင့် စွဲချက်တင်ခဲ့ကာ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၇၅ အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဒုတိယပိုင်း/၇၅)အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် သီးခြားစီ ပြစ်ဒဏ်များ ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
